20. ငါသည်မြောက်အရပ်မှလာသည့်ကျိုင်း ကောင်အုပ်ကို ပယ်ရှင်းမည်။ကျိုင်းကောင်အချို့ကိုသဲကန္တာရထဲသို့ နှင်ထုတ်မည်။သူတို့တပ်ဦးပိုင်းကိုပင်လယ်သေထဲသို့ လည်းကောင်း၊တပ်နောက်ပိုင်းကိုမြေထဲပင်လယ် ထဲသို့လည်းကောင်းကျစေမည်။သူတို့၏ကိုယ်ခန္ဓာများသည်ပုပ်စပ်နံစော် လျက် နေလိမ့်မည်။သင်တို့အားသူတို့ပြုခဲ့သည့်အမှုများ အတွက် ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။
21. ``အို လယ်ပြင်တို့မစိုးရိမ်ကြနှင့်။သင်တို့အဖို့ထာဝရဘုရားပြုတော်မူသောအမှုများအတွက်၊ ရွှင်လန်း ဝမ်းမြောက်ကြလော့။
22. အို သားရဲတိရစ္ဆာန်တို့မစိုးရိမ်ကြနှင့်။စားကျက်များသည် စိမ်းလန်းလျက်ရှိ၏။သစ်ပင်များသည်အသီးသီးလျက်နေ၏။သဖန်းသီးစပျစ်သီးတို့သည်လည်း အမြောက်အမြားရှိပါ၏။
23. ``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။သင်တို့အားဘုရားသခင်ထာဝရဘုရားပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။
24. ကောက်နယ်တလင်းတို့သည်ဂျုံဆန်များနှင့် ပြည့်နှက်နေလိမ့်မည်။အသီးနယ်ရာကျင်းတို့သည်လည်းစပျစ် ရည်နှင့် သံလွင်ဆီတို့ဖြင့်လျှံလျက်နေလိမ့်မည်။
25. သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။
26. ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
27. အို ဣသရေလအမျိုးသားတို့ငါသည် သင်တို့အလယ်၌ ရှိနေတော်မူကြောင်းကိုလည်းကောင်း၊ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍၊ငါမှတစ်ပါးအခြားဘုရားမရှိကြောင်းကို လည်းကောင်း၊ ထိုအခါသင်တို့သိရှိကြလိမ့်မည်။ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါမျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
28. ``ထိုနောက်ငါသည်မိမိ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ်သို့သွန်းလောင်းမည်။သင်တို့သားသမီးများသည်ငါ၏ဗျာဒိတ် တော်ကို ပြန်ကြားကြလိမ့်မည်။အသက်ကြီးသူများသည်အိပ်မက်များကို မြင်မက်ကြလျက်၊လူငယ်လူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို တွေ့မြင်ကြလိမ့်မည်။
29. ထိုကာလ၌ငါသည်မိမိ၏ဝိညာဉ်တော်ကိုယောကျာ်းအစေခံများနှင့်၊မိန်းမအစေခံများ အပေါ်သို့ပင်သက်ရောက်စေတော်မူမည်။
30. ``ငါသည်ထိုနေ့ရက်ကာလနှင့်ပတ်သက်၍မိုးကောင်းကင်၌သော်လည်းကောင်း၊မြေကြီး ပေါ်၌ သော်လည်းကောင်းပုဗ္ဗနိမိတ်များကိုပြမည်။သွေးထွက်သံယိုဖြစ်မှုမီးလျှံမီးခိုးများ ထမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။
31. ထာဝရဘုရားတရားစီရင်တော်မူရာကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။