1. ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။
2. အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။
3. ဤအချင်းအရာကိုသင်တို့၏သားသမီးများအား ပြောကြားကြလော့။သူတို့သည်မိမိတို့သားသမီးများအားပြောကြားလျက်၊ထိုသားသမီးများကလည်းနောင်တစ်ခေတ်မှလူတို့အားပြောကြားကြလိမ့်မည်။
4. ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ်ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။
5. အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။
6. ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။
7. သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။
8. အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။
9. ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်းစပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။မိမိတို့ထံတွင်ထာဝရဘုရားအတွက်ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
10. လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။
11. အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။