1. ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊-
2. ``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။-
3. မောရှေအားငါကတိထားတော်မူခဲ့သည် အတိုင်း သင်တို့ချီတက်သိမ်းယူမည့်နယ် မြေအားလုံးကိုသင်တို့အားငါပေး မည်။-
4. သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။-
5. ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
6. သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
7. အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
8. ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
9. သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
10. ထိုအခါယောရှုသည်ခေါင်းဆောင်များ ကိုဆင့်ခေါ်၍၊
11. စခန်းတစ်ခုလုံးရှိလူတို့ထံသို့သွားစေပြီး လျှင်``သုံးရက်အတွင်းသင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူမည့်ပြည် ကိုသိမ်းယူရန် ယော်ဒန်မြစ်ကိုဖြတ်ကူးရ မည်ဖြစ်၍လိုအပ်သောရိက္ခာကိုစုဆောင်း ထားကြလော့'' ဟူ၍ကြေညာစေ၏။
12. ထိုနောက်ယောရှုသည်ရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား၊-
13. ``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-