9. ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
10. ထိုနောက်ဆက်လက်၍မိမိသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်းကိုလည်းထိုသူတို့အားပြောပြ၏။သင်္ဘောသားတို့သည်ကြောက်လန့်ကြကုန်လျက် ``သင်ပြုသည့်အမှုသည်ထိတ်လန့်ဖွယ်ကောင်းလှပါသည်တကား'' ဟုဆိုကြ၏။-
11. ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။
12. ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။
13. သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။-
14. ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။-
15. ထိုနောက်သူတို့သည်ယောနကိုပွေ့ချီ၍ပင်လယ်ထဲသို့ပစ်ချလိုက်ကြ၏။ ထိုအခါချက်ချင်းပင် ပင်လယ်သည်ငြိမ်သက်သွား၏။-
16. ယင်းသို့ငြိမ်သက်သွားသောအခါသင်္ဘောသားတို့သည် ထာဝရဘုရားကိုလွန်စွာကြောက်လန့်လာကြသဖြင့် ယဇ်ပူဇော်ကြပြီးလျှင်ကိုယ်တော်အားသစ္စာကတိပြုကြ၏။