1. တစ်နေ့သ၌အမိတ္တဲ၏သားယောနအား ထာဝရဘုရားအမိန့်ပေးတော်မူ၏။-
2. ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
3. သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
4. သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
5. သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
6. ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
7. ထိုနောက်သင်္ဘောသားတို့က``ငါတို့ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်ဖြစ်သည်ကိုသိရအောင်မဲချကြကုန်အံ့'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့မဲချကြသောအခါယောနမဲကျလေ၏။-
8. သို့ဖြစ်၍သူတို့က``ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်နည်း။ ငါတို့အားပြောပြပါ။ သင်သည်အဘယ်ကိစ္စဖြင့်ဤသင်္ဘောပေါ်သို့ရောက်နေပါသနည်း။ အဘယ်ပြည်မှလာပါသနည်း။ အဘယ်အမျိုးသားဖြစ်ပါသနည်း'' ဟုယောနအားမေးကြ၏။
9. ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
10. ထိုနောက်ဆက်လက်၍မိမိသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်းကိုလည်းထိုသူတို့အားပြောပြ၏။သင်္ဘောသားတို့သည်ကြောက်လန့်ကြကုန်လျက် ``သင်ပြုသည့်အမှုသည်ထိတ်လန့်ဖွယ်ကောင်းလှပါသည်တကား'' ဟုဆိုကြ၏။-
11. ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။