13. ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဥာဏ်လည်းကုန်ပြီ။
14. ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
15. ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
16. ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊
17. အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။
18. ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။
19. တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။
20. မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
21. ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
22. ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
23. ရန်သူလက်မှငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။
24. ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။
25. မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။
26. ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
27. အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။
28. ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။
29. ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။
30. ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။