1. တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
2. အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။
3. ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။
4. ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
5. ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
6. ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
7. ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။
8. မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။
9. လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။
10. သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
11. လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည်။
12. အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ။
13. မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း။
14. ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
15. ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။
16. ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။