1-2. ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။
3. ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
4. ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
5. ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။
6. မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင် တော်မူမည်။
7. ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။
8. ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊
9. လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
10. သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။