14. မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။
15. ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊
16. အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊
17. ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။
18. သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
19. ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။
20. အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။
21. ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
22. နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
23. အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
24. ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။
25. ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
26. သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။