1. ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2. ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။
3. ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
4. ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
5. ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။
6. ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
7. လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
8. သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
9. သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
10. သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။
11. သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။
12. သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။