1-2. ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။
3. ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
4. ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။
5. သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
6. ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
7. ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
8. ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။
9. ငါ့ဂုဏ်အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ။