မဿဲ 13:13-30 Common Language Bible (BCL)

13. သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။

14. ထို့​ကြောင့်၊`ဤ​သူ​တို့​သည်​ကြား​လျက်​နှင့်​နား​လည်​လိမ့်​မည် မ​ဟုတ်။ မြင်​လျက်​နှင့်​သိ​လိမ့်​မည်​မ​ဟုတ်။

15. ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်သူ​တို့​၏​နား​များ​သည်​လေး​လျက်​မျက်​စိ​များ​သည် ပိတ်​လျက်​ရှိ​၏။အ​ကယ်​၍​သာ​သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ နား​များ​သည်​ကြား​နိုင်​လျက်၊စိတ်​နှ​လုံး​သည်​လည်း​သိ​နား​လည်​နိုင်​မည်​ဆို​ပါ​မူသူ​တို့​သည်​ငါ့​ကို​ခို​လှုံ​ကိုး​စား​လာ​ကြ​မည်​ဖြစ်​၍၊ငါ​သည်​လည်း​သူ​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပေ​အံ့'ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဟေ​ရှာ​ယ ဟော​ချက်​သည်​မှန်​ပေ​၏။

16. ``သင်​တို့​၏​မျက်​စိ​များ​သည်​မြင်​၍​နား​များ​သည် လည်း​ကြား​သော​ကြောင့် သင်​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။-

17. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင် တို့​မြင်​ရ​သည့်​အ​ရာ​များ​ကို ပ​ရော​ဖက်​နှင့် သူ​တော်​ကောင်း​အ​မြောက်​အ​မြား​ပင်​မြင်​လို​ကြ သော်​လည်း​မ​မြင်​ရ​ကြ​။ သင်​တို့​ကြား​ရ​သည့် အ​ရာ​များ​ကို သူ​တို့​ကြား​လို​ကြ​သော်​လည်း မ​ကြား​ရ​ကြ။

18. ``ထို့​ကြောင့်​မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​အ​နက် အဋ္ဌိပ္ပါယ်​ကို​နား​ထောင်​ကြ​လော့။-

19. လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။-

20. ကျောက်​ခံ​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​တ​ရား​တော် ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက်​စွာ​ခံ​ယူ​သူ​တို့ ကို​ဆို​လို​၏။-

21. သို့​သော်​တ​ရား​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့် နှိပ်​စက်​ညှဉ်း​ပန်း​မှု​ကို​တွေ့​ကြုံ​ရ​သော​အ​ခါ ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။-

22. ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။-

23. မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သည့်​မျိုး​စေ့​ကား တ​ရား​တော်​ကို​ကြား​၍​နား​လည်​သူ​တို့​ကို​ဆို လို​၏။ သူ​တို့​သည်​အ​ဆ​တစ်​ရာ၊ အ​ဆ​ခြောက် ဆယ်၊ အ​ဆ​သုံး​ဆယ်​အ​သီး​အ​နှံ​များ​ကို ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​သည်။

24. သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော် သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ်​ယောက် သည်​မိ​မိ​ဂျုံ​မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​၏။-

25. သို့​ရာ​တွင်​ည​အ​ခါ​လူ​တို့​အိပ်​ပျော်​နေ​ချိန်​၌ ရန်​သူ​သည်​လာ​၍​ဂျုံ​မျိုး​ကြဲ​ထား​ရာ​တွင်​ဂျုံ ရိုင်း​စေ့​များ​ကို​ကြဲ​ပြီး​နောက်​ထွက်​ခွာ​သွား​၏။-

26. ဂျုံ​ပင်​က​လေး​များ​ပေါက်​ပြီး​နောက်​ဂျုံ​နှံ​များ ထွက်​လာ​သော​အ​ခါ​ဂျုံ​ရိုင်း​ပင်​များ​လည်း​ပေါ် ထွက်​လာ​လေ​သည်။-

27. ထို​အ​ခါ​စာ​ရင်း​ငှား​တို့​သည်​လယ်​ရှင်​ထံ​လာ​၍ `အ​ရှင်၊ အ​ရှင့်​ဂျုံ​ခင်း​တွင်​မျိုး​ကောင်း​မျိုး​သန့်​များ ကြဲ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဂျုံ​ရိုင်း​ပင်​များ​ကား အ​ဘယ်​မှ​ရောက်​ရှိ​လာ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။-

28. လယ်​ရှင်​က `ဤ​အ​ရာ​ကား​ရန်​သူ​၏​လက်​ချက်​ပင် ဖြစ်​၏' ဟု​ဆို​လျှင်​စာ​ရင်း​ငှား​များ​က `ထို​သို့​ဖြစ် ပါ​မူ​ဂျုံ​ရိုင်း​များ​ကို​သွား​၍​နုတ်​ပစ်​ရ​ပါ​မည် လော' ဟု​မေး​ပြန်​ကြ​၏။-

29. လယ်​ရှင်​က၊ နုတ်​မ​ပစ်​ကြ​နှင့်​ဦး။ ဂျုံ​ရိုင်း​များ​ကို နုတ်​လိုက်​လျှင်​ဂျုံ​ကောင်း​များ​လည်း​ပါ​သွား​လိမ့် မည်။-

30. ကောက်​ရိတ်​ချိန်​တိုင်​အောင်​အ​ပင်​နှစ်​မျိုး​လုံး​ဆက် လက်​ကြီး​ပွား​စေ​ကြ​လော့။ ကောက်​ရိတ်​ချိန်​ရောက် သော်​ကောက်​ရိတ်​သ​မား​တို့​အား​ဦး​စွာ​ဂျုံ​ရိုင်း များ​ကို​နုတ်​၍​စည်း​ထား​ပြီး​လျှင်​မီး​ရှို့​ပစ်​ကြ။ ထို​နောက်​ဂျုံ​စ​ပါး​ကို​စု​သိမ်း​၍​ငါ​၏​ကျီ​၌ သွင်း​ထား​ကြ​ဟု​ငါ​မှာ​ကြား​မည်' ဟု​ဆို​၏'' ဟူ ၍​မိန့်​တော်​မူ​သည်။

မဿဲ 13