22. နတ်မိစ္ဆာပူးဝင်နေသဖြင့်မျက်စိမမြင်၊ ဆွံ့အ နေသူလူတစ်ယောက်ကို လူအချို့တို့သည်အထံ တော်သို့ခေါ်ခဲ့ကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာကို နှင်ထုတ်တော်မူသဖြင့် ထိုသူသည်မျက်စိမြင် လာပြီးလျှင်စကားပြောလေ၏။-
23. လူပရိသတ်တို့သည်များစွာအံ့သြကြ လျက် ``ဤသူသည်ဒါဝိဒ်၏သားတော်ဖြစ်ပါ မည်လော'' ဟုဆိုကြ၏။
24. ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။
25. ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
26. သို့ဖြစ်၍စာတန်၏အုပ်စိုးမှုကိုဝန်ခံသူတို့ သည်အချင်းချင်းတိုက်ခိုက်လျက်နေပါလျှင် သူ၏နိုင်ငံသည်အဘယ်သို့တည်တံ့နိုင်ပါ မည်နည်း။-
27. ငါသည်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်ဆိုပါလျှင် သင်တို့၏ တပည့်များကားမည်သူကိုအမှီပြု၍နှင်ထုတ် ကြပါသနည်း။ သင်တို့မှားယွင်းကြောင်းကိုသင် တို့တပည့်များ၏အပြုအမူကပင်သက်သေ ခံ၏။-
28. ငါသည်ဗေလဇေဗုလ၏တန်ခိုးအားဖြင့် မဟုတ်၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည်။ ထို သို့မှန်လျှင်ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့တွင်တည်လျက်ရှိပေပြီ။
29. ``အဘယ်သူသည်ခွန်အားကြီးသူကိုဦးစွာ မချည်မနှောင်ဘဲ သူ၏အိမ်သို့ဝင်၍ဥစ္စာပစ္စည်း များကိုလုယူနိုင်ပါမည်နည်း။ ချည်နှောင်ပြီး မှသာလုယူနိုင်ပေမည်။
30. ``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။-
31. ထိုအကြောင်းကြောင့်သင်တို့အားငါဆိုသည် ကား၊ အပြစ်ဟူသမျှအတွက်လည်းကောင်း၊ ပြစ် မှားပြောဆိုသည့်စကားဟူသမျှအတွက် လည်းကောင်း လူတို့အပြစ်ဖြေလွှတ်နိုင်ခွင့်ရှိ၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားပြောဆို သူသည်အပြစ်ဖြေလွှတ်နိုင်ခွင့်မရှိ။-
32. လူသားကိုပြစ်မှားပြောဆိုသူသည်အပြစ်ဖြေ လွှတ်နိုင်၏။ သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော် ကိုပြစ်မှားပြောဆိုသောသူမူကားယခုဘဝ နောင်ဘဝတွင်အပြစ်ဖြေလွှတ်လိမ့်မည်မဟုတ်။
33. ``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
34. အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
35. ကောင်းမြတ်သောသူသည်မိမိ၏ကောင်းမြတ်သော စိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှကောင်းမြတ်သော အရာကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သောသူသည် မိမိဆိုးယုတ်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်း မှဆိုးယုတ်သောအရာများကိုထုတ်ဖော်တတ်၏။
36. ``သင်တို့အားငါဆိုသည်ကားတရားစီရင်တော် မူရာနေ့၌လူတို့သည်မိမိတို့အကျိုးမဲ့ပြောဆို သောစကားများအတွက်စစ်ဆေးစီရင်ခြင်းကို ခံရကြလတ္တံ့။-
37. သင်တို့အပြစ်ဒဏ်ခံထိုက်သည်မခံထိုက်သည် ကိုသင်တို့ပြောဆိုသည့်စကားများအရ ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
38. အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။
39. ကိုယ်တော်က ``ဆိုးညစ်၍ဘုရားမဲ့သောဤခေတ် လူတို့သည်နိမိတ်လက္ခဏာကိုတောင်းဆိုကြပါ သည်တကား။ သင်တို့သည်ယောန၏နိမိတ်လက္ခ ဏာမှတစ်ပါး အဘယ်နိမိတ်လက္ခဏာကိုမျှ တွေ့မြင်ရလိမ့်မည်မဟုတ်။-
40. ယောနသည်ငါးကြီး၏ဝမ်းထဲတွင်သုံးရက်တိုင် တိုင်နေရသကဲ့သို့ လူသားသည်လည်းမြေကြီး ထဲတွင်သုံးရက်နေရလတ္တံ့။-
41. နိနေဝေမြို့သားတို့သည်ယောန၏ဟောပြောချက် ကြောင့်နောင်တရခဲ့ကြ၏။ သို့ဖြစ်၍သူတို့သည် တရားစီရင်တော်မူရာနေ့၌ထ၍သင်တို့အား ပြစ်တင်စွပ်စွဲကြလိမ့်မည်။ ဤအရပ်တွင်ယောန ထက်ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။
42. ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။