1. သခင်ယေရှုသည်ထိုသို့တပည့်တော်တစ်ကျိပ် နှစ်ပါးတို့အား သြဝါဒပေးတော်မူပြီးနောက် အနီးအနားရှိမြို့များတွင် ဟောပြောသွန်သင် ရန်ထိုအရပ်မှထွက်ခွာတော်မူ၏။
2. ခရစ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကို ယောဟန်သည်ထောင်ထဲတွင်ကြား သိရသောအခါ မိမိ၏တပည့်များကိုစေ လွှတ်၍၊-
3. ``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။-
4. သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
5. မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
6. ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
7. ယောဟန်၏တပည့်များပြန်သွားကြသောအခါ သခင်ယေရှုသည် ယောဟန်နှင့်စပ်လျဉ်း၍လူပရိ သတ်တို့အား ``သင်တို့သည်အဘယ်ကြောင့်တော ကန္တာရသို့သွားကြသနည်း။ လေတိုက်၍လှုပ်သော ကူပင်ကိုကြည့်ရှုကြရန်လော။-
8. ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
9. ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။-