2. ထာဝရဘုရားသည်သနားကရုဏာကင်းမဲ့စွာ ယုဒရွာရှိသမျှကိုဖျက်ဆီးတော်မူ၍ယုဒပြည်ကိုကာကွယ်သည့်ခံတပ်များကို ဖြိုချတော်မူ၏။ကိုယ်တော်သည်နိုင်ငံနှင့်အုပ်စိုးသူမင်းများကို အသရေပျက်စေတော်မူ၏။
3. ကိုယ်တော်သည်ပြင်းစွာအမျက်ထွက်တော်မူသဖြင့်ဣသရေလအမျိုးသားတို့၏ အင်အားကိုဖြိုခွဲတော်မူပါ၏။ရန်သူများလာရောက်ချိန်၌ငါတို့အားကူမရန် ငြင်းဆန်တော်မူ၏။ကိုယ်တော်သည်မီးသဖွယ်တောက်လောင်ကာ ရှိသမျှကိုလောင်စေတော်မူ၏။
4. ကိုယ်တော်သည်ငါတို့အားမြားတော်များဖြင့်အသင့်ချိန်ရွယ်ကာအားရရွှင်လန်းဂုဏ်ယူဝါကြွားရာဖြစ်သူလူအပေါင်းတို့အား ကွပ်မျက်တော်မူ၏။ယေရုရှလင်မြို့၌ငါတို့သည်ကိုယ်တော်၏တောက်လောင်သောအမျက်တော်ကိုခံစား ရကြ၏။
5. ထာဝရဘုရားသည်ရန်သူသဖွယ်ဣသရေလ လူမျိုးအားဖျက်ဆီးမူ၏။သူတို့၏ခံတပ်များနှင့်နန်းတော်အဆောက်အအုံများကိုယိုယွင်းပျက်စီးလျက် ကျန်ရစ်စေတော်မူလေပြီ။ကိုယ်တော်သည်ယုဒပြည်သူတို့အားဝမ်းနည်း ကြေကွဲ၍မဆုံးနိုင်အောင်ပြုတော်မူပြီ။
6. ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။
7. ထာဝရဘုရားသည်မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်းပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင်အောင်သံပေး၍ကြွေးကြော်ကြ၏။
8. ထာဝရဘုရားသည်ဇိအုန်မြို့ရိုးများ ပြိုပျက်စေရန်သန္နိဋ္ဌာန်ချမှတ်ထားသဖြင့်ယင်းတို့ဧကန်မုချလုံးဝပျက်စီးစိမ့်သောငှာ တိုင်းထွာသတ်မှတ်ပေးတော်မူ၏။ယခုအခါပြအိုးများနှင့်မြို့ရိုးများသည် အတူတကွယိုယွင်းပျက်စီးလျက်ရှိကြ၏။
9. မြို့တံခါးတို့သည်ကန့်လန့်ကျင်များကျိုးပဲ့ကာ အမှိုက်ပုံအောက်တွင်မြုပ်၍နေလေ၏။ရှင်ဘုရင်နှင့်မင်းညီမင်းသားတို့သည်ယခုအခါ တိုင်းတစ်ပါးတွင်ပြည်နှင်ဒဏ်သင့်လျက်ရှိကြ၏။ပညတ်တရားတော်ကိုသွန်သင်မှုမရှိတော့ သဖြင့်ပရောဖက်များသည်ထာဝရဘုရား၏ ထံတော်မှ ဗျာဒိတ်ရူပါရုံများကိုမတွေ့မမြင်ရကြ။
10. ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
11. ငါ၏မျက်စိများသည်ငိုရလွန်းသဖြင့် နွမ်းနယ်လျက်နေပါ၏။ငါ၏စိတ်ဝိညာဉ်သည်လည်းပူဆွေးလျက်ရှိပါ၏။ငါသည်မိမိအမျိုးသားတို့ဆုံးပါးပျက်စီး ကြသည့်အတွက်ဝမ်းနည်းကြေကွဲမှုဖြင့်အားအင်ကုန်ခန်းလျက်နေပေသည်။သူငယ်နှင့်နို့စို့ကလေးတို့သည်မြို့တွင်းရှိ လမ်းများပေါ်တွင်မေ့မြော၍နေကြ၏။
12. သူတို့သည်ရေငတ်ဆာလောင်သဖြင့်မိခင် များထံတွင် ငိုကြွေးလျက်နေကြ၏။ဒဏ်ရာရသူများကဲ့သို့သူတို့သည် လမ်းများပေါ်တွင်လဲကျကာမိခင်များ၏ရင်ခွင်၌တဖြည်းဖြည်း သေဆုံးသွားရကြလေသည်။