12. သူတို့သည်ရေငတ်ဆာလောင်သဖြင့်မိခင် များထံတွင် ငိုကြွေးလျက်နေကြ၏။ဒဏ်ရာရသူများကဲ့သို့သူတို့သည် လမ်းများပေါ်တွင်လဲကျကာမိခင်များ၏ရင်ခွင်၌တဖြည်းဖြည်း သေဆုံးသွားရကြလေသည်။
13. အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။မျှော်လင့်စရာမရှိနိုင်ပါ။
14. သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။
15. မြို့ကိုဖြတ်သန်းသွားလာသူတို့သည် မထီမဲ့မြင်ပြုကာလက်ခုပ်တီးကြ၏။သူတို့သည်ဦးခေါင်းကိုခါလျက်ယေရုရှလင် မြို့ပျက်ကိုပြက်ရယ်ပြုကြ၏။``နှစ်လိုဖွယ်ကောင်းသည့်မြို့ကားဤမြို့ပေလော။ကမ္ဘာ၏ဂုဏ်အသရေကိုဆောင်သောမြို့ကား ဤမြို့ပေလော'' ဟုပျက်ရယ်ပြုကြ၏။
16. သင်၏ရန်သူအပေါင်းတို့သည်သင့်ကိုပြောင်လှောင်ကြလျက်မုန်းစိတ်နှင့် စိုက်၍ကြည့်ကြ၏။သူတို့သည်မဲ့ရွဲ့ကာနှာခေါင်းရှုံ့လျက်``သူ့ကို ငါတို့သုတ်သင်ဖျက်ဆီးလိုက်ကြလေပြီ။ဤနေ့ကားငါတို့စောင့်မျှော်နေခဲ့သည့်နေ့ပေ တည်း'' ဟုဆိုကြ၏။
17. နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ကိုယ်တော်သည်ရှေးကာလသတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အားသနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
18. အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကိုထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။
19. တစ်ညလုံးအကြိမ်ကြိမ်အဖန်ဖန်ထ၍ ထာဝရဘုရားထံတော်သို့အော်ဟစ်လော့။ထာဝရဘုရားရှေ့တော်၌သင်၏စိတ်နှလုံးကို သွန်ချလျက်၊ သင်၏သားသမီးများအတွက် အသနားခံတောင်းပန်လော့။သင့်သားသမီးများလမ်းဆုံလမ်းခွတိုင်းတွင် အစာငတ်၍သေရကြလေပြီ။
20. အို ထာဝရဘုရားကြည့်တော်မူပါ။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ဤမျှဒဏ်ခတ်တော်မူသနည်း။အမျိုးသမီးတို့သည်မိမိတို့ချစ်မြတ်နိုးသည့် သားသမီးများ၏အသားကိုစားနေကြပါ၏။ယဇ်ပုရောဟိတ်များနှင့်ပရောဖက်များသည်လည်းဗိမာန်တော်အတွင်း၌ပင် အသတ်ခံလျက်နေရကြပါ၏။
21. လူကြီးလူငယ်တို့သည်လမ်းများပေါ်တွင် လဲ၍သေရကြပါ၏။ပျိုရွယ်သူအမျိုးသားအမျိုးသမီးများသည် ရန်သူ၏ဋ္ဌားဘေးသင့်၍သေရကြပါ၏။ကိုယ်တော်ရှင်သည်အမျက်ထွက်တော်မူသောနေ့၌ သနားညှာတာခြင်းမရှိဘဲသူတို့ကိုကွပ်မျက်တော်မူပါ၏။
22. ကိုယ်တော်ရှင်သည်ရန်သူများကိုကျွန်တော်မျိုး၏ပတ်လည်တွင်ကြောက်မက်ဖွယ်သောပျော်ပွဲသဘင် ဆင်ယင်ရန်ဖိတ်ခေါ်တော်မူပါ၏။ကိုယ်တော်ရှင်အမျက်ထွက်တော်မူရာထိုနေ့ရက်ကာလ၌အဘယ်သူမျှချမ်းသာရာ ရလိမ့်မည်မဟုတ်ပါ။သူတို့သည်ကျွန်တော်မျိုးချစ်မြတ်နိုး၍ကျွေးမွေးပြုစုခဲ့သည့်သားသမီးများကို သတ်ဖြတ်ကြပါ၏။