7. အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသောယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
8. သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
9. သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်းသူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအားကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
10. ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။သူသည်လူမျိုးခြားတို့အားထာဝရဘုရားပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင်ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
11. သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက်မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
12. သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ထိုဝေဒနာသည်ထာဝရဘုရားအမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
13. ``ကိုယ်တော်သည်အထက်မှမီးကိုစေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
14. ``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
15. ``ထာဝရဘုရားသည်ငါ၏ဘက်မှစွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကိုသုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ထာဝရဘုရားသည်ငါ၏လူတို့အားစပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
16. ``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
17. ``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။ထာဝရဘုရားသည်ငါ့အားတိုက်ခိုက်ရန်အရပ်တကာမှရန်သူများကို ဆင့်ခေါ်တော်မူလေပြီ။သူတို့သည်ငါ့ကိုရွံရှာဖွယ်ကောင်းသည့် အရာဟု မှတ်ယူကြပါ၏။''
18. ``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''