1. အခါတစ်ပါးကလူစည်ကားခဲ့သည့်ယေရုရှလင်မြို့သည်အထီးကျန်ဖြစ်လျက် နေ၏။အခါတစ်ပါးကကမ္ဘာ၏ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရဖူးသော်လည်းယခုအခါသူသည်မုဆိုးမနှင့်တူတော့၏။မြို့တကာတွင်ဂုဏ်ကြက်သရေအရှိဆုံးမြို့သည် ကျွန်ဘဝသို့သက်ဆင်းရလေပြီ။
2. သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အားနှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
3. ယုဒပြည်သားတို့သည်ပြည်နှင်ဒဏ်သင့်လျက် ခိုကိုးရာမဲ့ဖြစ်ကာကျွန်ခံနေရကြ၏။သူတို့သည်အိမ်ပိုင်ယာပိုင်မရှိဘဲတိုင်းတစ် ပါးတွင် နေထိုင်ရကြလေသည်။ရန်သူများဝိုင်းလျက်လွတ်မြောက်ရန်လမ်းမရှိကြ။
4. နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ဗိမာန်တော်တွင်သီချင်းဆိုသူအမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။
5. သူ၏ရန်သူများသည်သူ့ကိုအနိုင်ရကာမိမိတို့ အာဏာစက်အောက်တွင်ထားရှိကြ၏။သူသည်မြောက်များစွာသောအပြစ်တို့ကို ကူးခဲ့သည်ဖြစ်၍ထာဝရဘုရားသည်သူ့အားဆင်းရဲဒုက္ခ ရောက်စေတော်မူ၏။သူ၏သားသမီးများသည်သုံ့ပန်းများ ဖြစ်ရကြလေပြီ။
6. ယေရုရှလင်မြို့၏ကြီးကျယ်ခမ်းနားမှုသည်ရှေးအတိတ်ကာလ၏ဖြစ်ရပ်တစ်ခုသာလျှင် ဖြစ်လေတော့၏။သူ၏ခေါင်းဆောင်များသည်မုဆိုးတို့၏ဘေးမှ ထွက်ပြေးကြသည့်သမင်များနှင့်တူ၏။သူတို့သည်အားအင်ကုန်ခန်းလုမတတ်ဖြစ်ကာ နားနေစားသောက်မှုပြုရန်စားကျက်ကိုမရှာနိုင်။
7. အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသောယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
8. သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
9. သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်းသူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအားကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။