1. ထိုနောက်ဗိမာန်တော်ထဲမှကျယ်သောအသံ ထွက်ပေါ်လာ၏။ ထိုအသံက``ကမ္ဘာမြေပေါ် သို့ဘုရားသခင်၏အမျက်တော်ဖလား ခုနစ်လုံးကိုသွန်းလောင်းလော့'' ဟုကောင်းကင် တမန်ခုနစ်ပါးတို့အားပြောဆိုသည်ကို ငါကြားရ၏။
2. ပထမကောင်းကင်တမန်သည်သွား၍ မိမိ ဖလားမှအမျက်တော်ကိုကမ္ဘာမြေပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏အမှတ် တံဆိပ်ခတ်နှိပ်ခြင်းခံရသူများနှင့် သူ၏ ရုပ်ကိုရှိခိုးသောသူတို့တွင်အလွန်ဆိုးရွား သောအနာစိမ်းများပေါက်လေ၏။
3. ထို့နောက်ဒုတိယကောင်းကင်တမန်သည်မိမိ ဖလားမှ အမျက်တော်ကိုကမ္ဘာမြေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါပင်လယ်ရေသည်လူ သေ၏သွေးကဲ့သို့ဖြစ်လေ၏။ ပင်လယ်ထဲရှိ ရေသတ္တဝါမှန်သမျှသည်သေကုန်၏။
4. ထိုနောက်တတိယကောင်းကင်တမန်သည် မိမိ၏ဖလားမှအမျက်တော်ကိုမြစ်များ၊ စမ်း ပေါက်များပေါ်သို့သွန်းလောင်းလိုက်၏။ ထိုအခါ ရေတို့သည်သွေးအတိဖြစ်လေ၏။-
5. ရေကိုစောင့်သည့်ကောင်းကင်တမန်က``ပစ္စုပ္ပန် အတိတ်ကာလတို့တွင်ရှိတော်မူ၍သန့်ရှင်း မြင့်မြတ်တော်မူသောအရှင်၊ ကိုယ်တော်စီရင် တော်မူချက်သည်ဖြောင့်မှန်ပါ၏။-
6. ထိုသူတို့သည်ဘုရားသခင်၏လူစုတော်နှင့် ပရောဖက်တို့၏သွေးကိုသွန်းခဲ့ကြသဖြင့် ကိုယ်တော်သည်သူတို့သောက်ရန်သွေးကိုပေး တော်မူလေပြီ။ ထိုသူတို့ခံထိုက်သောဒဏ်ကို ခံရကြပါ၏'' ဟုလျှောက်ထား၏။-
7. ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။
8. ထိုနောက်စတုတ္ထကောင်းကင်တမန်သည်မိမိ ၏ဖလားမှ အမျက်တော်ကိုနေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါနေသည်လူတို့အား အပူရှိန်ဖြင့် ကျွမ်းလောင်စေနိုင်ခွင့်ကိုရလေ၏။-
9. လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။