43. ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
44-45. ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။
46. ရှေးကာလဒါဝိဒ်မင်းနှင့်ဂီတပညာသည်အာသပ်၏လက်ထက်မှအစပြု၍ ဘုရားသခင်၏ဂုဏ်တော်နှင့်ကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုဂီတပညာသည်များကဦးဆောင်သီဆိုခဲ့ကြသည်။-