31. ငါသည်ယုဒခေါင်းဆောင်များအားမြို့ရိုးပေါ်တွင်စုရုံးစေပြီးလျှင် မြို့ကိုလှည့်လည်၍ကျေးဇူးတော်ကိုသီဆိုချီးမွမ်းရန်လူစုကြီးနှစ်စုကိုကြီးကြပ်စေ၏။ပထမတစ်စုသည်အမှိုက်ပုံတံခါးသို့ဦးတည်လျက်မြို့ရိုးပေါ်တွင်လက်ယာရစ်လှည့်ကြ၏။-
32. သီချင်းသည်များ၏နောက်မှဟောရှယလိုက်၏။ သူ၏နောက်တွင်ယုဒခေါင်းဆောင်တစ်ဝက်လိုက်ကြ၏။-
33. ထိုနောက်ယဇ်ပုရောဟိတ်များဖြစ်ကြသောအာဇရိ၊ ဧဇရ၊မေရှုလံ၊-
34. ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယနှင့်ယေရမိတို့နှင့်၊-
35. ယဇ်ပုရောဟိတ်အချို့က တံပိုးခရာများမှုတ်၍လိုက်ကြ၏။ ထိုနောက်ရှေမာယ၏မြေး၊ ယောနသန်၏သားဇာခရိလိုက်လေသည်။ (သူ၏ဘိုးဘေးများတွင်အာသပ်သားချင်းစုဝင်ဖြစ်ကြသောမဿနိ၊ မိက္ခာယနှင့်ဇက္ကုရတို့လည်းပါဝင်လေသည်။-)
36. သူ၏နောက်၌သူ့သားချင်းစုဝင်များဖြစ်ကြသောရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒနှင့်ဟာနနိတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်မင်းတီးမှုတ်သည့်တူရိယာမျိုးတို့ကိုကိုင်ဆောင်လျက်လိုက်ကြ၏။ ကျမ်းတတ်မြောက်သူဧဇရကဤလူစုတို့လှည့်လည်ရာတွင်ဦးစီးခေါင်းဆောင်ပြုလေသည်။-
37. စမ်းရေတွင်းတံခါးသို့ရောက်သောအခါသူတို့သည် ဒါဝိဒ်မြို့သို့သွားရာလှေကားထစ်များကိုတက်၍ ဒါဝိဒ်နန်းတော်ကိုဖြတ်ကျော်ကာမြို့အရှေ့ဘက်၊ ရေတံခါးအနီးရှိမြို့ရိုးသို့ပြန်လည်ရောက်ရှိလာကြ၏။
38. ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊-
39. ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
40. သို့ဖြစ်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသည့်လူစုနှစ်စုစလုံးပင်ဗိမာန်တော်နယ်မြေသို့ရောက်ရှိလာကြလေသည်။ငါနှင့်အတူလိုက်ပါလာသည့်ခေါင်းဆောင်များအပြင်၊-
41. ငါ၏လူစုတွင်တံပိုးခရာမှုတ်သူယဇ်ပုရောဟိတ်များဖြစ်ကြသည့်ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိသြနဲ၊ ဇာခရိနှင့်ဟာနနိတို့ပါဝင်ကြ၏။-
42. သူတို့၏နောက်မှမာသေယ၊ ရှေမာယ၊ ဧလာဇာ၊ သြဇိ ၊ ယောဟနန်၊ မာလခိယ၊ ဧလံနှင့်ဧဇာတို့ကလိုက်ကြ၏။ ယေဇရာဟိခေါင်းဆောင်သောသီချင်းသည်များသည်အသံကုန်ဟစ်၍သီဆိုကြ၏။
43. ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။