1. အို နိနေဝေမြို့၊ရန်သူသည်သင့်ကိုတိုက်ခိုက် လျက်ရှိ၏။သင်တို့ချေမှုန်းပစ်မည့်သူသည်ရောက်ရှိလာ လေပြီ။သင်၏ခံတပ်များကိုကြီးကြပ်အုပ်ချုပ်လော့။ လမ်းတွင်အစောင့်ချထားလော့။တိုက်ပွဲဝင်ရန်အသင့်ပြင်ဆင်လော့။
2. (ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။)
3. ရန်သူစစ်သူရဲတို့သည်ဒိုင်းလွှားနီများ ကိုကိုင်ဆောင်ကာ ဆင်တူဝတ်စုံနီများကိုဝတ်ဆင်ထားကြ၏။သူတို့သည်တိုက်ခိုက်ရန်အသင့်ပြင်ဆင်လျက် ရှိကြ၏။သူတို့၏စစ်မြင်းရထားများသည်မီးလျှံ သဖွယ် တောက်ပလျက်၊သူတို့၏မြင်းများသည်ခုန်ပေါက်၍နေကြ၏။
4. စစ်မြင်းရထားတို့သည်လမ်းများတွင်အပြင်း နှင်ကာ၊လူထုစုဝေးရာကွက်လပ်များတွင် အစုံအဆန်ပြေးကြကုန်၏။ယင်းတို့သည်မီးရှူးတိုင်များသဖွယ် တောက်ပလျက်၊ လျှပ်စစ်ပြက်သကဲ့သို့လျင်မြန်ကြ၏။
5. တပ်မှူးတို့ကိုဆင့်ခေါ်လိုက်သောအခါသူတို့သည်ခလုတ်တိုက်၍ပြိုလဲမတတ် ရှေ့သို့ချီတက်လာကြ၏။ထိုးစစ်ဆင်သူတို့သည်မြို့ရိုးရှိရာသို့ အလျင်အမြန် ပြေးလာပြီးလျှင်၊ဒိုင်းလွှားများဖြင့်အကွယ်အကာယူကာခံတပ်ဖြိုသော တင်းပုတ်ကြီးများကိုတပ်ဆင်ကြ၏။
6. မြစ်အနီးရှိမြို့တံခါးများသည်ရုတ်တရက် ပွင့်ထွက်လာလေပြီ။နန်းတော်တွင်လည်းကြောက်စိတ်လွှမ်းလျက် နေတော့၏။
7. မိဖုရားသည်အဖမ်းခံပြီးဖြစ်၍ရံရွေတော်တို့သည်ချိုးငှက်များကဲ့သို့ ညည်းတွားငိုယိုကြကုန်၏။သူတို့သည်ဝမ်းနည်းကြေကွဲသဖြင့်မိမိတို့ ရင်ဘတ်များကိုတီးကြ၏။
8. တာကျိုးမှစီးထွက်သည့်ရေကဲ့သို့လူတို့သည် နိနေဝေမြို့မှတစ်ဟုန်တည်းထွက်ပြေးကြ၏။သူတို့အား`ရပ်တန့်လော့၊ရပ်တန့်လော့' ဟုဟစ်အော်ပြောဆိုပါသော်လည်း၊အဘယ်သူမျှ လှည့်၍မကြည့်ကြ။
9. ငွေတို့ကိုလုယူကြလော့။ ရွှေတို့ကိုလုယူ ကြလော့။ဤမြို့သည်ဥစ္စာရတနာပေါများကြွယ်ဝ သောမြို့ ဖြစ်ပါသည်တကား။
10. နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
11. ခြင်္သေ့များခိုအောင်းရာသားရဲတွင်း၊ခြင်္သေ့ငယ် များကို အစာကျွေးရာ၊ခြင်္သေ့ကြီးငယ်တို့ဘေးမဲ့လုံခြုံစွာလာ ရောက်ခိုလှုံရာ အရပ်နှင့်တူသောမြို့သည်ယခုအဘယ်မှာရှိသနည်း။