4. ပထမသားရဲသည်ခြင်္သေ့နှင့်တူ၍လင်းယုန်ကဲ့သို့အတောင်များရှိ၏။ ငါသည်ကြည့်ရှုနေစဉ်ထိုသားရဲသည်အတောင်များပြုတ်၍သွားပြီးလျှင် မြေပေါ်သို့မြောက်တက်ကာလူကဲ့သို့မတ်တတ်ရပ်လျက်နေ၏။ ထိုနောက်သူသည်လူ့စိတ်ကိုရလေသည်။
5. ငါသည်ဒုတိယသားရဲကိုမြင်ရ၏။ ထိုသားရဲသည်နောက်ခြေနှစ်ချောင်းဖြင့်ရပ်လျက်နေသောဝက်ဝံနှင့်တူ၏။ သူ၏ပါးစပ်တွင်နံရိုးသုံးချောင်းကိုကိုက်၍ထား၏။ အသံတစ်ခုကသူ့အား``အသားကိုဝအောင်စားလော့'' ဟုဆို၏။
6. ငါသည်ဆက်လက်၍ကြည့်ရှုနေစဉ်အခြားသားရဲတစ်ကောင်ကိုမြင်ရ၏။ ထိုသားရဲသည်ကျားသစ်နှင့်တူ၏။ သူ၏ကျောပေါ်တွင်ငှက်တောင်ပံများနှင့်တူသောအတောင်လေးခုရှိ၏။ သူ့မှာဦးခေါင်းလေးလုံးရှိ၏။ သူသည်တန်ခိုးအာဏာရှိပုံရ၏။
7. ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-
8. ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
9. ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
10. ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
11. ငါသည်ကြည့်ရှုလျက်နေစဉ်ဦးချိုငယ်သည်ကြွားဝါလျက်ပင်ရှိနေသေး၏။ ထိုအချိန်၌စတုတ္ထသားရဲသည်အသတ်ခံရ၍သူ၏ကိုယ်ခန္ဓာသည်မီးရှို့၍ဖျက်ဆီးခြင်းကိုခံရလေသည်။-
12. အခြားသားရဲတို့သည်မိမိတို့၏တန်ခိုးအာဏာများရုပ်သိမ်းခြင်းခံကြရသော်လည်း အချိန်အကန့်အသတ်နှင့်ဆက်လက်၍အသက်ရှင်ခွင့်ရရှိကြလေသည်။
13. ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
14. ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
15. ငါမြင်ရသောဗျာဒိတ်ရူပါရုံများကြောင့် ငါသည်ထိတ်လန့်၍လာသဖြင့်စိတ်ချောက်ချားကာ၊-
16. ထိုနေရာတွင်ရပ်နေသူတစ်ဦးထံသို့သွား၍ ထိုအရာတို့၏အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်းရာထိုသူကငါ့အားရှင်းပြလေသည်။-
17. ထိုသူက``ထိုသားရဲကြီးလေးကောင်သည်ကမ္ဘာမြေကြီးပေါ်တွင်ပေါ်ပေါက်လာမည့်အင်ပါယာနိုင်ငံလေးခုဖြစ်၏။-