15. ငါမြင်ရသောဗျာဒိတ်ရူပါရုံများကြောင့် ငါသည်ထိတ်လန့်၍လာသဖြင့်စိတ်ချောက်ချားကာ၊-
16. ထိုနေရာတွင်ရပ်နေသူတစ်ဦးထံသို့သွား၍ ထိုအရာတို့၏အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်းရာထိုသူကငါ့အားရှင်းပြလေသည်။-
17. ထိုသူက``ထိုသားရဲကြီးလေးကောင်သည်ကမ္ဘာမြေကြီးပေါ်တွင်ပေါ်ပေါက်လာမည့်အင်ပါယာနိုင်ငံလေးခုဖြစ်၏။-
18. သို့သော်လည်းအမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်သည် ရာဇတန်ခိုးအာဏာကိုခံယူရရှိကာကမ္ဘာအဆက်ဆက်ထိန်းသိမ်းကြလိမ့်မည်'' ဟုရှင်းပြလေသည်။
19. ထိုနောက်ငါသည်အခြားသားရဲများနှင့်မတူတမူထူးခြားလျက်ကြေးဝါလက်သည်းများနှင့်သံသွားများဖြင့် ရန်သူကိုကိုက်စားနင်းချေတတ်သောစတုတ္ထသားရဲ၏အကြောင်းကိုသိလို၏။-
20. ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
21. ငါသည်ကြည့်ရှုနေစဉ်ဦးချိုငယ်သည်ဘုရားသခင်၏လူမျိုးတော်တို့အား စတင်တိုက်ခိုက်၍နိုင်လေ၏။-
22. ထိုအခါထာဝစဉ်အသက်ရှင်တော်မူသောအရှင်သည်ရောက်ရှိလာလျက် အမြင့်မြတ်ဆုံးသောဘုရားသခင်၏သန့်ရှင်းသူများဘက်မှ တရားစီရင်ချက်ချမှတ်တော်မူ၏။ ရာဇဝတ်တန်ခိုးအာဏာကိုဘုရားသခင်၏လူမျိုးတော် ခံယူရရှိမည့်အချိန်ကားကျရောက်လာလေပြီ။