12. အခြားသားရဲတို့သည်မိမိတို့၏တန်ခိုးအာဏာများရုပ်သိမ်းခြင်းခံကြရသော်လည်း အချိန်အကန့်အသတ်နှင့်ဆက်လက်၍အသက်ရှင်ခွင့်ရရှိကြလေသည်။
13. ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
14. ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
15. ငါမြင်ရသောဗျာဒိတ်ရူပါရုံများကြောင့် ငါသည်ထိတ်လန့်၍လာသဖြင့်စိတ်ချောက်ချားကာ၊-
16. ထိုနေရာတွင်ရပ်နေသူတစ်ဦးထံသို့သွား၍ ထိုအရာတို့၏အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်းရာထိုသူကငါ့အားရှင်းပြလေသည်။-
17. ထိုသူက``ထိုသားရဲကြီးလေးကောင်သည်ကမ္ဘာမြေကြီးပေါ်တွင်ပေါ်ပေါက်လာမည့်အင်ပါယာနိုင်ငံလေးခုဖြစ်၏။-
18. သို့သော်လည်းအမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်သည် ရာဇတန်ခိုးအာဏာကိုခံယူရရှိကာကမ္ဘာအဆက်ဆက်ထိန်းသိမ်းကြလိမ့်မည်'' ဟုရှင်းပြလေသည်။
19. ထိုနောက်ငါသည်အခြားသားရဲများနှင့်မတူတမူထူးခြားလျက်ကြေးဝါလက်သည်းများနှင့်သံသွားများဖြင့် ရန်သူကိုကိုက်စားနင်းချေတတ်သောစတုတ္ထသားရဲ၏အကြောင်းကိုသိလို၏။-
20. ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
21. ငါသည်ကြည့်ရှုနေစဉ်ဦးချိုငယ်သည်ဘုရားသခင်၏လူမျိုးတော်တို့အား စတင်တိုက်ခိုက်၍နိုင်လေ၏။-
22. ထိုအခါထာဝစဉ်အသက်ရှင်တော်မူသောအရှင်သည်ရောက်ရှိလာလျက် အမြင့်မြတ်ဆုံးသောဘုရားသခင်၏သန့်ရှင်းသူများဘက်မှ တရားစီရင်ချက်ချမှတ်တော်မူ၏။ ရာဇဝတ်တန်ခိုးအာဏာကိုဘုရားသခင်၏လူမျိုးတော် ခံယူရရှိမည့်အချိန်ကားကျရောက်လာလေပြီ။
23. ထိုသူက``စတုတ္ထသားရဲသည်ကမ္ဘာမြေပေါ်တွင်ပေါ်ပေါက်လာမည့်စတုတ္ထမြောက်အင်ပါယာနိုင်ငံဖြစ်၍အခြားနိုင်ငံအပေါင်းနှင့်ကွာခြားလိမ့်မည်။ ယင်းသည်ကမ္ဘာမြေတစ်ဝန်းလုံးကိုဝါးမြိုကာခြေဖြင့်နင်း၍ချေမှုန်းလိမ့်မည်။-
24. ဦးချိုဆယ်ချောင်းမှာထိုနိုင်ငံတွင်ပေါ်ပေါက်လာမည့်ဘုရင်ဆယ်ပါးဖြစ်၏။ ထိုနောက်အခြားဘုရင်တစ်ပါးပေါ်လာလိမ့်မည်။ သူသည်ယခင်ဘုရင်များနှင့်ကွာခြားသူဖြစ်လိမ့်မည်။ ဘုရင်သုံးပါးကိုလည်းနှိမ်နင်းလိမ့်မည်။-
25. သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
26. ထိုနောက်ကောင်းကင်ရုံးတော်မှတရားစီရင်ချက်ချမှတ်ကာ သူ၏တန်ခိုးအာဏာကိုရုတ်သိမ်း၍သူ့အားလုံးဝသုတ်သင်ပယ်ရှားလိမ့်မည်။-
27. အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။