4. ထိုနှစ်ပထမလ၊ နှစ်ဆယ့်လေးရက်မြောက် သောနေ့၌ ငါသည်တိဂရစ်မြစ်ကြီး၏ ကမ်းပါးပေါ်တွင်ရပ်လျက်နေ၏။-
5. မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-
6. သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။
7. ထိုဗျာဒိတ်ရူပါရုံကိုငါဒံယေလတစ် ယောက်တည်းသာမြင်ရ၏။ ငါနှင့်အတူ ရှိသောသူတို့သည်အဘယ်အရာကိုမျှ မမြင်ကြရ။ သို့ရာတွင်သူတို့သည် ထိတ် လန့်တုန်လှုပ်လျက်ထွက်ပြေးပုန်းအောင်း နေကြ၏။-
8. ငါတစ်ဦးတည်းသာလျှင်ထိုအံ့သြဖွယ် ကောင်းသည့်ဗျာဒိတ်ရူပါရုံကိုကြည့် လျက်ကျန်ရစ်၏။ ငါသည်အားပြတ်၍ အဘယ်သူမျှမမှတ်မိနိုင်လောက်အောင် ငါ၏မျက်နှာသည်အသွင်ပြောင်းသွား၏။ အကူအညီမဲ့လျက်ရှိ၏။-
9. ထိုသူ၏စကားသံကိုကြားသောအခါ ငါသည်မြေပေါ်သို့ဝမ်းလျားမှောက်လဲ ကျကာသတိမေ့လျက်နေ၏။-
10. ထိုအခါလက်တစ်ဖက်သည်ငါ့ကိုကိုင်ဆွဲ ချီကြွသဖြင့် ငါသည်လေးဘက်ထောက် လျက်နေ၏။ ငါသည်တုန်လှုပ်လျက်ပင်ရှိ နေသေး၏။
11. ကောင်းကင်တမန်က``ဒံယေလ၊ ဘုရားသခင် သည် သင့်ကိုချစ်တော်မူ၏။ ထ၍ငါပြောမည့် စကားကိုသေချာစွာနားထောင်လော့။ ကိုယ် တော်သည်ငါ့အားသင့်ထံသို့စေလွှတ်တော် မူပြီ'' ဟုဆို၏။ ဤစကားကိုကြားသော အခါငါသည်တုန်လှုပ်လျက်ပင်မတ်တတ် ရပ်လိုက်၏။
12. ထိုသူက``အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည်အသိပညာကိုရရှိနိုင်မည် အကြောင်း မိမိကိုယ်ကိုနှိမ့်ချရန် ဦးစွာ ပထမစိတ်ပိုင်းဖြတ်လိုက်သည့်နေ့မှစ ၍ဘုရားသခင်သည် သင်၏ဆုတောင်းပတ္ထ နာကိုကြားတော်မူပြီ။ သင်၏လျှောက် ထားချက်ကိုဖြေကြားရန်ငါ့ကိုစေ လွှတ်တော်မူလိုက်၏။-
13. ပါရှနိုင်ငံစောင့်ကောင်းကင်တမန်သည် ငါ့ အားနှစ်ဆယ့်တစ်ရက်တိုင်တိုင်ဆီးတား လျက်နေခဲ့၏။ ထိုနောက်ကောင်းကင်တမန် မှူးတစ်ဦးဖြစ်သူမိက္ခေလသည် ပါရှနိုင်ငံ တွင်ငါတစ်ဦးတည်းကျန်ရှိလျက်နေ သဖြင့်ငါ့အားလာရောက်ကူညီပေ သည်။-
14. ယခုငါရောက်ရှိလာရခြင်းအကြောင်း မှာအနာဂတ်ကာလ၌ သင်၏အမျိုးသား တို့ကြုံတွေ့ကြရမည့်အဖြစ်အပျက်များ ကို သင့်အားသိရှိနားလည်စေလိုသော ကြောင့်ဖြစ်သည်။ ဤဗျာဒိတ်ရူပါရုံသည် အနာဂတ်ကာလနှင့်သက်ဆိုင်သည်'' ဟု ဆို၏။