7. မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
8. ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။-
9. ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။-
10. သို့ရာတွင်အာရှပေနတ်သည်မင်းကြီးကိုကြောက်သဖြင့်ဒံယေလအား``မင်းကြီးသည်သင်တို့စားသောက်ကြရမည့်အစားအစာများကိုပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။ ထိုကြောင့်အကယ်၍သင်တို့သည်အခြားလူငယ်လူရွယ်များနည်းတူ ကျန်းမာသန်စွမ်းမှုမရှိပါကငါအသတ်ခံရပါလိမ့်မည်'' ဟုဆို၏။
11. သို့ဖြစ်၍ဒံယေလသည်မိမိနှင့်အဖော်သုံးဦးတို့အားစောင့်ကြပ်ရန် အာရှပေနတ်တာဝန်ပေးခြင်းခံရသူထံသို့သွား၍၊-
12. ``ငါတို့စားသောက်ရန်အတွက်အသီးအနှံနှင့် ရေကိုသာကျွေး၍ဆယ်ရက်မျှစမ်းကြည့်ပါ။-
13. ထိုနောက်ပွဲတော်စာများစားသောက်ရသူလူငယ်လူရွယ်များနှင့်ငါတို့အားနှိုင်းယှဉ်ကြည့်ပြီးလျှင် သင်တို့တွေ့မြင်ရသည့်ငါတို့ရုပ်ဆင်းသဏ္ဌာန်အပေါ်တွင်မူတည်၍ ငါတို့အားအဘယ်သို့ကျွေးမွေးသင့်သည်ကိုဆုံးဖြတ်ပါလော့'' ဟုဆို၏။
14. စောင့်ကြပ်သူသည်ဤသို့ဆယ်ရက်မျှသူတို့အားစမ်းကြည့်ရန်သဘောတူလိုက်၏။-
15. အချိန်စေ့သောအခါသူတို့သည်ပွဲတော်စာစားသောက်ကြသူများထက် ပို၍ကျန်းမာသန်စွမ်းလျက်ရှိကြောင်းတွေ့မြင်ရလေသည်။-
16. ထို့ကြောင့်စောင့်ကြပ်သူသည်ပွဲတော်စာနှင့်စပျစ်ရည်အစား သူတို့အားအသီးအနှံကိုသာကျွေးလေသည်။
17. ဘုရားသခင်သည်ထိုလူငယ်လူရွယ်လေးယောက်တို့အား စာပေနှင့်အထူးထူးအပြားပြားသောပညာရပ်တို့တွင်တတ်သိကျွမ်းကျင်မှုကိုပေးတော်မူ၏။ ထို့အပြင်လည်းဒံယေလအားဗျာဒိတ်ရူပါရုံနှင့်အိပ်မက်များ၏ အနက်အဋ္ဌိပ္ပါယ်ကိုပြဆိုနိုင်သောစွမ်းရည်ကိုလည်းပေးတော်မူ၏။
18. မင်းကြီးသတ်မှတ်ပေးသည့်သုံးနှစ်တာကာလကုန်ဆုံးသွားသောအခါအာရှပေနတ်သည် လူငယ်လူရွယ်အားလုံးတို့အားနေဗုခဒ်နေဇာမင်း၏ထံတော်သို့သွင်းလေ၏။-
19. မင်းကြီးသည်ထိုသူရှိသမျှတို့နှင့်ဆွေးနွေးမေးမြန်းတော်မူရာဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့သည်အခြားသူတို့ထက်ပို၍ဉာဏ်ပညာကောင်းကြောင်းတွေ့ရှိရလေသည်။ သို့ဖြစ်၍သူတို့သည်အပါးတော်တွင်ခစားခွင့်ရကြ၏။-
20. မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။-
21. ဒံယေလသည်ဗာဗုလုန်ပြည်ကိုပါရှနိုင်ငံ၏ဧကရာဇ်မင်းဖြစ်သူ ကုရုမင်းတိုက်ခိုက်အောင်မြင်၍နန်းတက်လာချိန်တိုင်အောင်နန်းတော်တွင်ရှိနေသတည်း။