11. ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
12. သင်ယခုသွားလော့။ သင့်အားနှုတ်သတ္တိကို ငါပေးမည်။ သင်မည်ကဲ့သို့ပြောရမည်ကို ငါသွန်သင်မည်'' ဟုမိန့်တော်မူ၏။
13. သို့သော်လည်းမောရှေက``အရှင်ဘုရား၊ အခြား သူတစ်ဦးကိုစေလွှတ်တော်မူပါ'' ဟုတောင်းပန် လေ၏။
14. ထိုအခါထာဝရဘုရားသည်မောရှေအား အမျက်ထွက်၍``သင်၌လေဝိအမျိုးသား အစ်ကိုအာရုန်ရှိသည်မဟုတ်လော။ သူသည် နှုတ်သတ္တိကောင်းသူဖြစ်ကြောင်းငါသိ၏။ သူ သည်သင်နှင့်အလွန်တွေ့လို၍ ယခုပင်လျှင် သင့်ထံသို့လာနေပြီ။-
15. သင်ပြောရမည့်စကားကိုသူ့အားပြောပြ လော့။ ငါသည်သင်တို့နှစ်ဦးမည်သို့ပြောဆို ပြုလုပ်ရမည်ကိုသွန်သင်မည်။-
16. သူသည်ဣသရေလအမျိုးသားတို့အားပြော ပြစရာရှိသမျှကို သင့်ကိုယ်စားပြောလိမ့်မည်။ သူသည်သင်၏ပြောရေးဆိုခွင့်ရှိသူဖြစ်လိမ့် မည်။ သူသည်လည်းသင်ပြောသမျှကိုဘုရား အမိန့်ကဲ့သို့ခံယူလိမ့်မည်။-
17. တောင်ဝှေးကိုသင့်လက်ထဲ၌ဆောင်ထားလော့။ ထိုတောင်ဝှေးဖြင့်သင်သည်အံ့သြဖွယ်သော အမှုတို့ကိုပြုလိမ့်မည်'' ဟုမိန့်တော်မူ၏။
18. မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
19. မောရှေသည်မိဒျန်ပြည်၌ရှိစဉ်၊ ထာဝရ ဘုရားသည် သူ့အား``အီဂျစ်ပြည်သို့ပြန် လော့။ သင့်ကိုသတ်လိုသူအပေါင်းတို့သည် အနိစ္စရောက်ကြကုန်ပြီ'' ဟုမိန့်တော်မူ၏။-
20. သို့ဖြစ်၍မောရှေသည်သူ၏မယားနှင့်သား တို့ကိုမြည်းပေါ်တွင်တင်၍၊ ထာဝရဘုရား ဆောင်ထားစေသောတောင်ဝှေးကိုလက်ထဲတွင် ကိုင်ဆောင်လျက်အီဂျစ်ပြည်သို့ထွက်ခွာခဲ့ လေသည်။
21. ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။-