7. သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
8. ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
9. ထိုဘုရင်ကသူ၏ပြည်သားတို့အား``ဤဣသရေလအမျိုးသားတို့သည် လူဦးရေအလွန်များပြား၍အင်အားကြီးမားလာသဖြင့် ငါတို့အားအန္တရာယ်ပြုနိုင်၏။-
10. သူတို့၏လူဦးရေယခုထက်မတိုးပွားလာစေရန် လိမ္မာစွာငါတို့ပြုရကြမည်။ အကယ်၍စစ်မက်ဖြစ်ပွားလာလျှင် သူတို့သည်ငါတို့၏တစ်ဘက်ရန်သူနှင့်ပူးပေါင်း၍ငါတို့ကိုတိုက်ခိုက်ပြီးလျှင် တိုင်းပြည်မှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်ကြားလေ၏။-
11. သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။-
12. သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။-
13. ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
14. ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
15. အီဂျစ်ဘုရင်က ရှိဖရနှင့်ပုအာနာမည်ရှိသောဟေဗြဲဝမ်းဆွဲနှစ်ဦးတို့အား၊-
16. ``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
17. သို့ရာတွင်ဝမ်းဆွဲအမျိုးသမီးတို့သည် ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ဘုရင်၏အမိန့်ကိုမနာခံဘဲယောကျာ်းကလေးများကိုအသက်ချမ်းသာစေကြ၏။-
18. ထို့ကြောင့်ဘုရင်သည်ဝမ်းဆွဲတို့အားဆင့်ခေါ်လျက်``သင်တို့သည်ငါ၏အမိန့်ကိုမနာခံဘဲ အဘယ်ကြောင့်ယောကျာ်းကလေးများကိုအသက်ချမ်းသာစေရသနည်း'' ဟုမေးလေ၏။-
19. ထိုအခါဝမ်းဆွဲတို့က``ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည်သားဖွားလွယ်ကြသဖြင့်ဝမ်းဆွဲမရောက်မီ ကလေးကိုဖွားနှင့်ပြီးဖြစ်ပါသည်'' ဟုလျှောက်ထားကြ၏။-