22. ``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
23. ``တောင်တစ်ခုလုံးမီးတောက်၍အမှောင်ထု ထဲမှဗျာဒိတ်တော်သံကိုသင်တို့ကြားရ သောအခါ သင်တို့၏ခေါင်းဆောင်များနှင့် အနွယ်အကြီးအကဲတို့သည်ငါ့ထံသို့ ချဉ်းကပ်၍၊-
24. `အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
25. သို့ရာတွင်အကျွန်ုပ်တို့သည် အဘယ်ကြောင့် အရဲစွန့်၍အသေခံရမည်နည်း။ ထိုကြောက် မက်ဖွယ်မီးကြီးကြောင့် အကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးရကြပါလိမ့်မည်။ အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၏ အသံတော်ကိုထပ်၍ကြားရလျှင်အကျွန်ုပ် တို့သေရပါလိမ့်မည်။-
26. အသက်ရှင်တော်မူသောဘုရား၏အသံတော် ကိုမီးထဲမှ အကျွန်ုပ်တို့ကဲ့သို့ကြားရပြီးမှ အသက်ရှင်သောလူသတ္တဝါရှိဖူးပါသလော။-
27. ကိုယ်တော်သာချဉ်းကပ်၍အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားမိန့်မှာသမျှ ကိုကြားနာပြီးလျှင် အကျွန်ုပ်တို့အားဆင့် ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်အမိန့်တော် ကိုနာခံပါမည်' ဟုလျှောက်ထားကြ၏။
28. ``ထာဝရဘုရားသည်သင်တို့ထိုသို့လျှောက် ထားသောစကားကိုကြားတော်မူလျှင် ငါ့ အား`ငါသည်ဤသူတို့လျှောက်ထားသော စကားကိုကြားရပြီ။ သူတို့ပြောသည့် အတိုင်းမှန်ပေ၏။-
29. သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
30. ယခုမိမိတို့တဲအိမ်များသို့ပြန်ကြရန် သူတို့အားပြောလော့။-
31. သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။-
32. ``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
33. သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။