10. ``ကိုယ်တော်သည်သူတို့ကိုလေထန်သောတောကန္တာရ၌လှည့်လည်နေသည်ကို တွေ့မြင်တော်မူသဖြင့်၊မိမိ၏ရင်သွေးသဖွယ်သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
11. လင်းယုန်ငှက်သည်သားငယ်များကိုအပျံသင်သည့်အခါမိမိ၏တောင်ပံများကို ဖြန့်၍ဖမ်းယူသကဲ့သို့၊ထာဝရဘုရားသည်ဣသရေလလူမျိုးကို ဆောင်ယူသယ်ပိုးတော်မူ၏။
12. အခြားဘုရား၏အကူအညီကိုမယူဘဲ ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊မိမိ၏လူမျိုးတော်ကိုရှေ့ဆောင်လမ်းပြ တော်မူခဲ့၏။
13. ``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား တောင်ကုန်းဒေသများကိုအုပ်စိုးစေ၍လယ်မှထွက်သောအသီးအနှံများကို စားသုံးစေတော်မူ၏။သူတို့သည်ကျောက်ကြားမှပျားရည်ကို လည်းကောင်း၊ကျောက်ပေါများသောမြေတွင်ပေါက်သောသံလွင်ပင်များမှဆီကိုလည်းကောင်းရရှိ ကြ၏။
14. သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။
15. ``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့်ဘုရားကိုပုန်ကန်ကြ၏။သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
16. သူတို့သည်ရုပ်တုဘုရားများကိုကိုးကွယ်သည့် အပြစ်ဒုစရိုက်ကြောင့်ပြိုင်ဘက်ကင်းသည့်ထာဝရဘုရားအား အမျက်တော်ထွက်စေကြ၏။
17. သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသောဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။
18. သူတို့သည်တန်ခိုးကြီးသည့်ကယ်တင်ရှင်၊မိမိတို့ကိုဖြစ်ပွားစေတော်မူသောဘုရားသခင်ကို မေ့လျော့ကြ၏။
19. ``ထာဝရဘုရားသည်ထိုအမှုအရာကို မြင်သောအခါအမျက်တော်ထွက်၍၊မိမိ၏သားသမီးတို့ကိုစွန့်ပယ်တော်မူ၏။
20. ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ငါသည်သူတို့ကိုမကူညီဘဲနေမည်။'ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။
21. သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သောငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
22. ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။
23. `` `ငါသည်သူတို့အားဘေးဒဏ်များကို အဆက်မပြတ်တွေ့ကြုံစေမည်။ငါ၏မြားကုန်စင်အောင်သူတို့ကိုပစ်ခွင်းမည်။
24. သူတို့သည်ငတ်မွတ်၊ဖျားနာ၍သေကြလိမ့်မည်။ကြောက်မက်ဖွယ်သောရောဂါများဖြင့် သေဆုံးကြလိမ့်မည်။သားရဲတိရစ္ဆာန်တို့သည်သူတို့ကို ကိုက်ဖြတ်လိမ့်မည်။မြွေဆိုးတို့သည်သူတို့ကိုကိုက်လိမ့်မည်။