1. ``မိုးကောင်းကင်နှင့်ပထဝီမြေကြီးတို့ ငါ ပြောသမျှကိုစေ့စေ့နားထောင်လော့။
2. ငါ့သွန်သင်ချက်သည်မိုးပေါက်ကဲ့သို့ကျ၍ မြေပေါ်တွင်နှင်းပေါက်ကဲ့သို့တင်ရှိလိမ့်မည်။ငါ့စကားသည်အပင်ငယ်များပေါ်သို့ ရွာသောမိုးကဲ့သို့လည်းကောင်း၊မြက်နုပေါ်တွင်ကျသောမိုးဖွဲကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
3. ငါသည်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းမည်။ကိုယ်တော်၏လူမျိုးတော်သည်ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို ထုတ်ဖော်ပြောဆိုကြလိမ့်မည်။
4. ``ထာဝရဘုရားသည်သင်တို့ကိုကာကွယ် တော်မူသော အရှင်ဖြစ်တော်မူ၏။အမှုတော်ခပ်သိမ်းတို့သည်စုံလင်၍ တရားမျှတပေ၏။သင်တို့၏ဘုရားသခင်သည်သစ္စာတည်သောဘုရား၊ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
5. သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။
6. မိုက်မဲ၍အသိတရားကင်းမဲ့သောလူမျိုး၊ ထာဝရဘုရားကိုဤကဲ့သို့ကျေးဇူးဆပ်သင့်သလော။ကိုယ်တော်သည်သင်တို့ကိုဖန်ဆင်းသောအရှင်၊ သင်တို့၏အဖဖြစ်တော်မူ၏။သင်တို့အားလူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းစေတော်မူ၏။
7. ``လွန်လေပြီသောအတိတ်ကာလကို သတိရလော့။ဖြစ်ပျက်ခဲ့သမျှကိုသင်တို့၏ဖခင်တို့အား မေးစမ်းကြည့်လော့။အသက်ကြီးသူတို့အားရှေးဖြစ်ဟောင်းကို ပြောပြစေလော့။
8. အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်းသတ်မှတ်ပေးတော်မူသောအခါ၊နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။
9. သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကိုမိမိအတွက်ရွေးချယ်တော်မူ၏။
10. ``ကိုယ်တော်သည်သူတို့ကိုလေထန်သောတောကန္တာရ၌လှည့်လည်နေသည်ကို တွေ့မြင်တော်မူသဖြင့်၊မိမိ၏ရင်သွေးသဖွယ်သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
11. လင်းယုန်ငှက်သည်သားငယ်များကိုအပျံသင်သည့်အခါမိမိ၏တောင်ပံများကို ဖြန့်၍ဖမ်းယူသကဲ့သို့၊ထာဝရဘုရားသည်ဣသရေလလူမျိုးကို ဆောင်ယူသယ်ပိုးတော်မူ၏။