16. ဤအမှုအရာကားပရောဖက်ယောလ ဟောကြားခဲ့သည့်အမှုအရာပင်ဖြစ်၏။ ထို ပရောဖက်က၊
17. `အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
18. ထိုနေ့ရက်ကာလ၌ငါ၏အစေခံသူယောကျာ်း၊မိန်းမများအပေါ်သို့ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။သူတို့သည်ငါ၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
19. အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။
20. ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
21. ထိုအခါထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ဆုတောင်းပတ္ထနာပြုကြသူအပေါင်းတို့သည်ကယ်တင်တော်မူခြင်းကိုခံရကြလိမ့်မည်'ဟူ၍ဟောပြောခဲ့သတည်း။
22. ``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
23. ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
24. သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
25. ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊`ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။
26. သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။
27. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအားသင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။
28. အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့်ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။