16. ပေါလုသည်နေရာမှထ၍လက်ရိပ်ပြ ပြီးနောက် ``ဣသရေလအမျိုးသားတို့နှင့် ဘုရားသခင်အားကိုးကွယ်သူအခြား အမျိုးသားတို့၊ နားထောင်ကြလော့။-
17. ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ငါတို့ဘိုးဘေးများအီဂျစ်ပြည်တွင် သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင်ကြစဉ်၊ သူတို့အားရွေးကောက်၍ လူမျိုးကြီးဖြစ်စေ တော်မူ၏။ မဟာတန်ခိုးတော်ဖြင့်ထိုပြည် မှထုတ်ဆောင်သွားတော်မူကာ၊-
18. တောကန္တာရတွင်အနှစ်လေးဆယ်ပတ်လုံး သူတို့အားသည်းခံတော်မူ၏။-
19. ထိုနောက်ခါနာန်ပြည်နေလူခုနစ်မျိုးတို့ ကိုဖယ်ရှားပြီးလျှင်ထိုပြည်ကို၊-
20. မိမိလူစုတော်အားပိုင်ဆိုင်ခွင့်ကိုပေး တော်မူ၏။ ဤအဖြစ်အပျက်အထိနှစ် ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။ထိုနောက်ပရောဖက်ရှမွေလပေါ်ထွန်းချိန် အထိ တရားသူကြီးများကိုပေါ်ထွန်းစေ တော်မူ၏။-
21. သူတို့သည်ရှင်ဘုရင်တစ်ပါးခန့်ပေးရန် ရှမွေလအားတောင်းဆိုကြသဖြင့် ဘုရား သခင်သည်ကိရှ၏သားဗင်္ယာမိန်အနွယ်ဝင် ရှောလုကိုခန့်ထားတော်မူ၏။ ရှောလုသည် အနှစ်လေးဆယ်ပတ်လုံးနန်းစံတော်မူ သတည်း။-
22. ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။-
23. ဘုရားသခင်သည်မိမိ၏ကတိတော်အတိုင်း ဣသရေလအမျိုးသားတို့အဖို့ကယ်တင်ရှင် ကို ထိုသူ၏သားမြေးများအထဲမှပေါ်ထွန်း စေတော်မူ၏။ ထိုအရှင်ကားသခင်ယေရှုပင် ဖြစ်သတည်း။-
24. ထိုအရှင်အမှုတော်ကိုစတင်၍ဆောင်ရွက် တော်မမူမီယောဟန်သည် ဣသရေလအမျိုး သားအပေါင်းတို့အား `နောင်တရ၍ဗတ္တိဇံ မင်္ဂလာကိုခံကြလော့' ဟုဟောပြော၏။-