35. ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသောကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည်မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
36. သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။
37. သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
38. သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
39. ထိုသူတို့ကားလူသားများသာဖြစ်ကြောင်း၊ အနီးမှဖြတ်၍တိုက်ကာပျောက်ကွယ်သွားတတ်သောလေကဲ့သို့ ဖြစ်ကြောင်းကိုသတိရတော်မူ၏။
40. သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
41. သူတို့သည်အဖန်တလဲလဲဘုရားသခင်အားသွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
42-43. သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်းမိမိတို့အားရန်သူတို့လက်မှကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
44. အီဂျစ်ပြည်သူပြည်သားတို့မသောက်မသုံး နိုင်ကြစေရန်ချောင်းများမြစ်များမှရေတို့ကိုကိုယ်တော် သည် သွေးအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
45. ကိုယ်တော်သည်သူတို့အားအတိဒုက္ခပေးသည့် ယင်ရဲများကိုလည်းကောင်း၊သူတို့၏လယ်ယာများကိုဖျက်ဆီးကြသည့်ဖားများကိုလည်းကောင်းသူတို့ထံသို့စေ လွှတ်တော်မူ၏။
46. သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့်လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
47. သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
48. သူတို့၏ကျွဲနွားတိရစ္ဆာန်များကို မိုးသီးအားဖြင့်လည်းကောင်း၊သိုးအုပ်ဆိတ်အုပ်များကိုမိုးကြိုး အားဖြင့်လည်းကောင်းဖျက်ဆီးပစ်တော်မူ၏။
49. ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။