1. အို ထာဝရဘုရား၊ကျွန်တော်မျိုး၏မြွက်ဆိုချက်ကိုနားထောင်တော်မူပါ။ကျွန်တော်မျိုး၏မြည်တမ်းသံများကိုကြားတော်မူပါ။
2. ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား၊ ကူမတော်မူရန်ကျွန်တော်မျိုးဟစ်အော်တောင်းလျှောက်သည်ကို နားထောင်တော်မူပါ။အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်အထံတော်သို့ဆုတောင်း ပတ္ထနာပြုပါသည်။
3. ကိုယ်တော်သည်နံနက်ချိန်၌ကျွန်တော်မျိုး၏ ပတ္ထနာသံကိုကြားပါ၏။နေထွက်ချိန်၌ကျွန်တော်မျိုးဆုတောင်း၍ ကိုယ်တော်၏အဖြေကိုစောင့်မျှော်ပါ၏။
4. ကိုယ်တော်သည်ဒုစရိုက်ကိုနှစ်သက်တော်မူသော ဘုရားမဟုတ်ပါ။ရှေ့တော်၌ဆိုးယုတ်မှုကိုခွင့်ပြုတော်မမူပါ။
5. မာနကြီးသူတို့သည်ရှေ့တော်သို့မဝင်ရ။ကိုယ်တော်သည်ယုတ်မာသူအပေါင်းတို့ကို မုန်းတော်မူ၏။
6. ကိုယ်တော်သည်လိမ်လည်သူအပေါင်းတို့ကို ဖျက်ဆီးတော်မူ၍အကြမ်းဖက်သူ၊ကောက်ကျစ်သူတို့ကိုစက်ဆုပ်ရွံရှာတော်မူ၏။
7. ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့်အိမ်တော်သို့ဝင်နိုင်ပါ၏။ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။
8. အို ထာဝရဘုရား၊ကျွန်တော်မျိုးမှာရန်သူများစွာရှိပါ၏။ကိုယ်တော်၏အလိုတော်အတိုင်းပြုကျင့်ရန် ကျွန်တော်မျိုးအားလမ်းပြတော်မူပါ။ကျွန်တော်မျိုးအားကိုယ်တော်ရှင်လိုက်လျှောက်စေလိုသည့်လမ်းကို ဖြောင့်ဖြူးစေတော်မူပါ။
9. ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။
10. အို ဘုရားသခင်၊သူတို့အားရှုတ်ချလျက်အပြစ်ဒဏ်ပေးတော်မူပါ။သူတို့၏ဆိုးညစ်သောအကြံအစည်များကသူတို့ကိုပင်အကျိုးနည်းစေတော်မူပါ။သူတို့၏များမြောင်သောအပြစ်များကြောင့်လည်းကောင်း၊ကိုယ်တော်ကို ပုန်ကန်ကြသည့်အတွက်ကြောင့်လည်းကောင်းသူတို့အားရှေ့တော်မှောက်မှနှင်ထုတ်တော်မူပါ။