1. အို ထာဝရဘုရား၊ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
2. ကိုယ်တော်ရှင်၏ဒိုင်းလွှားကိုကိုင်ဆွဲ၍ကျွန်တော်မျိုးအားကူမရန်ကြွတော်မူပါ။
3. ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးသူတို့အားလှံတံတော်နှင့်ရဲတင်းတော်ကိုချိန်ရွယ်၍ ဆီးတားတော်မူပါ။ကိုယ်တော်ရှင်သည်ကယ်တင်တော်မူမည်ဖြစ် ကြောင်း ကျွန်တော်မျိုးအားမိန့်ကြားတော်မူပါ။
4. ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူတို့သည် အရေးရှုံးနိမ့်လျက်အရှက်ကွဲရကြပါစေသော။ကျွန်တော်မျိုးကိုအန္တရာယ်ပြုရန်ကြံစည် သူတို့သည် တပ်လှန်၍ကစဥ့်ကရဲဖြစ်ရကြပါစေသော။
5. ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့်သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
6. ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံတိုက်ခိုက်စဉ်သူတို့ပြေးရာလမ်းသည်မှောင်မိုက်၍ ခြေချော်ကြရပါစေသော။
7. သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက်ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
8. သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက်မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
9. ထိုအခါငါသည်ထာဝရဘုရားကိုအမှီ ပြု၍ ဝမ်းမြောက်လိမ့်မည်။ကိုယ်တော်သည်ငါ့ကိုကယ်တော်မူသဖြင့်ငါသည်ရွှင်လန်းလိမ့်မည်။
10. ``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်းကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟုထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
11. ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှမကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
12. သူတို့သည်ငါ့အားကျေးဇူးကန်းကြ၏။ သို့ဖြစ်၍ငါသည်အလွန်စိတ်ပျက်လှ၏။
13. ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
14. ငါသည်မိတ်ဆွေသို့မဟုတ်ညီအစ်ကို၏အတွက် ဆုတောင်းပတ္ထနာပြုသကဲ့သို့စိတ်အားထက်သန်စွာသူတို့အတွက် ဆုတောင်းပတ္ထနာပြု၏။ငါ၏မိခင်အတွက်ပူဆွေးသကဲ့သို့၊ ဆုတောင်းပတ္ထနာပြု၏။