1. ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
2. ကျွန်တော်မျိုး၏ဘုရား၊နေ့အခါ၌ကိုယ်တော် အား ကျွန်တော်မျိုးခေါ်ပါ၏။သို့ရာတွင်ကိုယ်တော်သည်ထူးတော်မမူပါ။ညဥ့်အခါကျွန်တော်မျိုးခေါ်ပါ၏။သို့ရာတွင်ကျွန်တော်မျိုးစိတ်သက်သာခွင့်ကို မရပါ။
3. သို့ရာတွင်ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင် စံတော်မူသောအရှင်၊ဣသရေလအမျိုးသားတို့ထောမနာပြုခြင်းကို ခံတော်မူရသောအရှင်ဖြစ်တော်မူပါ၏။
4. ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ယင်းသို့သူတို့ကိုးစားသည့်အတိုင်းကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။
5. သူတို့သည်ကိုယ်တော်၏ထံတော်သို့အော်ဟစ် တောင်းလျှောက်ကြသဖြင့်ဘေးဥပဒ်များမှလွတ်မြောက်ခဲ့ကြပါ၏။သူတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား ကြသည် နှင့်အမျှအကျိုးကိုခံစားကြရပါ၏။
6. သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
7. ကျွန်တော်မျိုးအားမြင်သောသူတိုင်း ပြောင်လှောင်ကြပါ၏။သူတို့သည်လျှာကိုထုတ်လျက်ဦးခေါင်းကို ခါကြပါ၏။
8. သူတို့က``သင်သည်ထာဝရဘုရားကိုအားကိုး ဘိ၏။ကိုယ်တော်သည်သင့်ကိုအဘယ်ကြောင့် မကယ်ပါသနည်း။ထာဝရဘုရားသည်သင့်ကို နှစ်သက်မြတ်နိုးတော်မူလျှင်အဘယ်ကြောင့်သင့်အားကယ်မတော် မမူ ပါသနည်း'' ဟုဆိုကြ၏။
9. ကျွန်တော်မျိုးအားဘေးဥပဒ်ကင်းရှင်းစွာအမိဝမ်းမှမွေးဖွားစေတော်မူသောအရှင် ကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။နို့စို့သူငယ်ဖြစ်စဉ်အခါကလည်းကျွန်တော်မျိုးအားကိုယ်တော်ရှင်သည် ဘေးမဲ့လုံခြုံစွာထားတော်မူခဲ့ပါ၏။
10. ကျွန်တော်မျိုးသည်မွေးဖွားချိန်မှအစ ပြု၍ ကိုယ်တော်ရှင်ကိုအားကိုးခဲ့ပါ၏။ထိုအချိန်မှစ၍ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။
11. ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုးဒုက္ခရောက်ပါတော့မည်။ကူမမည့်သူလည်းတစ်ယောက်မျှမရှိပါ။
12. ကျွန်တော်မျိုး၏ရန်သူတို့သည်ဗာရှန်ဒေသမှကြောက်မက်ဖွယ်ကောင်းသောနွားသိုးများကဲ့သို့ ကျွန်တော်မျိုးကိုဝိုင်းရံထားကြပါ၏။