1. မိုးကောင်းကင်သည်ဘုရားသခင်၏ဘုန်းအသရေတော်ကိုပေါ်လွင်စေ၍ ကိုယ်တော်၏ လက်ရာတော်တို့ကိုထင်ရှားစွာဖော်ပြ၏။
2. ဤအကြောင်းကိုတစ်နေ့ကိုတစ်နေ့၊တစ်ညကိုတစ်ည လက်ဆင့်ကမ်းကြေညာကြပေသည်။
3. အဘယ်သို့မှနှုတ်ဖြင့်မမြွက်မဆို၊ စကားလည်းမပြော၊မည်သည့်အသံကိုမျှမပြုသော်လည်း
4. နေ့နှင့်ညမှထွက်ပေါ်လာသည့်အသံသည် ကမ္ဘာမြေတစ်ပြင်လုံးသို့ပျံ့နှံ့သွားလျက်ယင်းတို့ကြေညာသောစကားသည် ကမ္ဘာမြေကြီးစွန်းတိုင်အောင်ရောက်လေ၏။ဘုရားသခင်သည်နေ၏အတွက်မိုးကောင်း ကင်၌ ဗိမာန်တစ်ဆောင်ကိုတည်တော်မူ၏။
5. မိမိအိပ်ခန်းမှထွက်၍လာသောမင်္ဂလာ ဆောင် သတို့သားကဲ့သို့လည်းကောင်း၊အပြေးပြိုင်ရန်ဆန္ဒစောလျက်ရှိသည့်အားကစားသမားကဲ့သို့လည်းကောင်း နေသည်ထွက်ပြူလာ၏။
6. သူသည်မိုးကောင်းကင်တစ်စွန်းမှအစပြုကာ အခြားတစ်စွန်းသို့လှည့်ပတ်၍သွား၏။သူ၏အပူရှိန်မှကင်းလွတ်သောအရာတစ်ခု မျှမရှိ။
7. ထာဝရဘုရား၏တရားတော်သည်ပြီးပြည့်စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည်အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။
8. ထာဝရဘုရား၏နည်းဥပဒေတို့သည်မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။