1. အို ထာဝရဘုရား၊ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။
2. သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန်ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။
3. သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။
4. အို ထာဝရဘုရား၊ကျွန်တော်မျိုးအားသူယုတ်မာတို့၏ဘေးမှ ကွယ်ကာစောင့်ထိန်းတော်မူပါ။ကျွန်တော်မျိုးပြိုလဲပျက်စီးစေရန်ကြံစည်သူအကြမ်းဖက်သမားတို့၏ဘေးမှလုံခြုံစွာ ထားတော်မူပါ။
5. မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန်လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
6. ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏'' ဟုထာဝရဘုရားအား လျှောက်ထား၏။အို ထာဝရဘုရားကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ၏။
7. အို ဘုရားရှင်ထာဝရဘုရား၊ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။
8. အို ထာဝရဘုရား၊သူယုတ်မာ၏အလိုဆန္ဒကို ပြည့်စုံစေတော်မမူပါနှင့်။သူတို့၏ဆိုးယုတ်သောအကြံအစည်များကို အောင်မြင်ခွင့်ပေးတော်မမူပါနှင့်။