12. ဘုရားသခင်၏လူစုတော်သည်အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
13. သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
14. သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
15. ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင်မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။
16. ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့်စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
17. ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။
18-19. ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီယောသပ်သည်ခြေကျင်းအခတ်ခံရ၏။သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
20. ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။
21. မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
22. သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
23. ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
24. ထာဝရဘုရားသည်မိမိ၏လူစုတော်အားသားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
25. ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့်သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
26. ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့်ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
27. သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
28. ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။