14. ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
15. ငါတို့၏ဘဝအသက်တာသည်မြက်ပင်နှင့် တူ၏။ငါတို့သည်တောပန်းကဲ့သို့ကြီးထွား ပွင့်လန်းလျက်နေကြ၏။
16. လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့်ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။
17-18. သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက်ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
19. ထာဝရဘုရားသည်မိမိ၏ရာဇပလ္လင်တော်ကို ကောင်းကင်ဘုံတွင်ထားရှိတော်မူ၏။ကိုယ်တော်သည်စကြဝဠာကိုအစိုးရတော်မူ၏။
20. တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက်ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ထာဝရဘုရားအားထောမနာပြုကြလော့။
21. ကိုယ်တော်၏အလိုတော်အတိုင်းလုပ်ဆောင်သူအစေခံများဖြစ်သောကောင်းကင်အာဏာပိုင်အပေါင်းတို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
22. ထာဝရဘုရားအုပ်စိုးတော်မူရာအရပ်ရှိဖန်ဆင်းခြင်းခံရသောသတ္တဝါအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။