1. အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ငါ၏ကိုယ်စိတ်နှလုံးတို့၊ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောနာမတော်အား ထောမနာပြုကြလော့။
2. အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
3. ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
4. ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
5. ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့်ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။
6. ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်းခံရသူတို့ဘက်မှနေ၍ တရားစီရင်တော်မူသဖြင့်သူတို့၏ရပိုင်ခွင့်များကိုပေးတော်မူ၏။
7. ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။
8. ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက်ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။
9. ကိုယ်တော်သည်အစဉ်မပြတ်ပြစ်တင်၍နေတော် မမူ။အစဉ်အမြဲအမျက်ထွက်တော်မမူ။
10. ငါတို့အားခံထိုက်သည့်အပြစ်ဒဏ်ကိုခံစေ တော်မမူ၊ငါတို့၌အပြစ်များနှင့်အမှားများရှိသည့် အတိုင်း အပြစ်ပေးတော်မမူ။
11. ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည်မြင့်မားသည်နှင့်အမျှကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
12. အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
13. ဖခင်သည်သားသမီးတို့အားသနား ကြင်နာသကဲ့သို့ထာဝရဘုရားသည်မိမိအားကြောက်ရွံ့ရိုသေ သူတို့အားသနားကြင်နာတော်မူ၏။
14. ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။