1. ငါသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့သူမြို့သားများနှင့်ငါ့အားမမြင်ဘူးသေး သောအခြားသူတို့အတွက်လည်းကောင်း အဘယ် မျှကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကိုသင်တို့အား သိစေလို၏။-
2. ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။-
3. ထိုအရှင်သည်ကွယ်ဝှက်ထားသောဘုရား သခင်၏ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာ ဘဏ္ဍာကိုဖွင့်ပြသည့်သော့ချက်ဖြစ်တော် မူသတည်း။
4. သို့ဖြစ်၍မည်မျှပင်ယုတ္တိရှိဟန်တူသော မှားယွင်းသည့်အကြောင်းပြချက်များဖြင့် အဘယ်သူမျှသင်တို့အားမလှည့်စားစေ နှင့်။-
5. ငါသည်ခန္ဓာအားဖြင့်သင်တို့နှင့်ဝေးကွာ သော်လည်းစိတ်အားဖြင့်သင်တို့နှင့်အတူရှိ၏။ သင်တို့သည်တစ်လုံးတစ်စည်းတည်းရှိ၍ ခရစ် တော်ကိုမြဲမြံခိုင်မာစွာယုံကြည်လျက်နေ ကြသည်ကိုတွေ့ရသဖြင့်ငါဝမ်းမြောက်၏။
6. သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။-
7. သွန်သင်ခြင်းကိုခံရသည်အတိုင်းကိုယ်တော် ၌နက်နဲစွာအမြစ်စွဲလျက်ကိုယ်တော်အပေါ်၌ မိမိတို့ဘဝကိုတည်ဆောက်ကာသင်တို့၏ ယုံကြည်ခြင်းကိုပို၍ခိုင်မြဲစေကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြလော့။
8. ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။-
9. လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။-
10. သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။
11. ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။-