16. ယုဒက``ကျွန်တော်တို့သည် အရှင်အားမည်သို့ လျှောက်ထားနိုင်ပါမည်နည်း။ မည်ကဲ့သို့ဆင်ခြေ တက်နိုင်ပါမည်နည်း။ ကျွန်တော်တို့မကူးလွန် ကြောင်း မည်ကဲ့သို့သက်သေအထောက်အထား ပြနိုင်ပါအံ့နည်း။ ဘုရားသခင်ကိုယ်တော်တိုင် ကကျွန်တော်တို့၏အပြစ်ကိုဖော်ထုတ်တော် မူပါပြီ။ ဖလားနှင့်တွေ့ရသူတစ်ဦးသာမက ကျွန်တော်တို့အားလုံးအရှင့်ထံ၌ကျွန်ခံပါ မည်'' ဟုလျှောက်ထားလေ၏။
17. ယောသပ်က``ထိုသို့ငါမပြုလုပ်နိုင်။ ဖလား နှင့်တွေ့ရသူကိုသာလျှင်ငါ၏ကျွန်ဖြစ်စေ မည်။ ကျန်သောသူတို့သည်သင်တို့၏အဖထံ သို့ဘေးကင်းလုံခြုံစွာပြန်သွားကြလော့''ဟု ဆိုလေ၏။
18. ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။-
19. အရှင်က`သင်တို့တွင်ဖခင်ရှိသေးသလော။ ညီရှိ သေးသလော' ဟုမေးပါသည်။-
20. ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-
21. အရှင်က`ထိုသူငယ်ကိုခေါ်ဆောင်ခဲ့ကြ၊ ငါ တွေ့မြင်လိုသည်' ဟုမိန့်ကြားပါသည်။-
22. ကျွန်တော်တို့က`သူငယ်သည်အဖနှင့်မခွဲနိုင် ပါ။ အဖနှင့်ခွဲခွာခဲ့လျှင်အဖသေပါလိမ့် မည်' ဟုပြောပါသည်။-
23. ထိုအခါအရှင်က`သင်တို့၏ညီမပါလာလျှင် ငါ့ထံသို့နောက်တစ်ဖန်မဝင်ရ' ဟုမိန့်ကြား ပါသည်။
24. ``ကျွန်တော်တို့အဖထံသို့ပြန်ရောက်ကြသော အခါ အရှင်မိန့်ကြားသမျှကိုအဖအားပြန် ကြားပါသည်။-
25. ထိုနောက်အဖက`သင်တို့သွား၍ငါတို့အတွက် ရိက္ခာဝယ်ဦးလော့' ဟုစေခိုင်းပါသည်။-
26. ကျွန်တော်တို့က`ကျွန်တော်တို့မသွားပါရစေနှင့်။ ကျွန်တော်တို့၏ညီအငယ်ဆုံးမလိုက်ပါခဲ့လျှင် ဘုရင်ခံထံသို့ဝင်ရမည်မဟုတ်ပါ။ ကျွန်တော် တို့၏ညီအငယ်ဆုံးလိုက်ပါမည်ဆိုလျှင် ကျွန်တော်တို့သွားပါမည်' ဟုဖခင်အားပြန် ပြောပါသည်။-
27. ဖခင်က`သင်တို့သိသည့်အတိုင်းရာခေလသည် သားနှစ်ယောက်တည်းဖွားမြင်၍၊-
28. သားတစ်ယောက်မှာမရှိတော့ပြီ။ သူသည်သားရဲ တိရစ္ဆာန်တို့၏ကိုက်ဖြတ်ခြင်းကိုခံခဲ့ရလေပြီ။ ထို့ကြောင့်ငါသည်ယနေ့ထက်တိုင်သူ့ကိုမမြင်ရ။-
29. ယခုဤသားကိုသင်တို့ခေါ်ဆောင်သွား၍သူသည် ဘေးဥပဒ်နှင့်တွေ့ကြုံရသော် သင်တို့အဖေအို ကြီးသည်ဝမ်းနည်းကြေကွဲလျက်သေရပါမည်' ဟုဆိုပါသည်။