29. တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
30. ဣဇာက်သည်ယာကုပ်အားကောင်းချီးပေးပြီး၍ ဖခင်ထံမှယာကုပ်ထွက်သွားသည့်ခဏအတွင်း သူ၏အစ်ကိုဧသောသည်အမဲလိုက်ရာမှ ပြန်ရောက်လာ၏။-
31. သူသည်လည်းစားဖွယ်ကောင်းသောအမဲဟင်းလျာ ကိုချက်ပြီးလျှင်ဖခင်ထံသို့ယူခဲ့လေသည်။ ထိုနောက်``အဖ၊ ကျွန်တော်ယူခဲ့သောအမဲ ဟင်းကိုထ၍သုံးဆောင်ပါ။ သုံးဆောင်ပြီး လျှင်ကျွန်တော်အားကောင်းချီးပေးပါ'' ဟု ဆိုလေ၏။
32. ဣဇာက်က``သင်မည်သူနည်း'' ဟုမေး၏။ဧသောက``ကျွန်တော်သည်ဖခင်၏သားကြီး ဧသောဖြစ်ပါသည်'' ဟုပြန်ဖြေ၏။
33. ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။
34. ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။
35. ဣဇာက်က``သင့်ညီလာ၍ငါ့ကိုလိမ်လည်လှည့်ဖြား လေပြီ။ သူသည်သင်ခံစားရမည့်ကောင်းချီးကို ယူသွားပြီ'' ဟုဖြေကြားလေသည်။
36. ဧသောက``သူသည်ကျွန်တော်အားနှစ်ကြိမ်တိုင် တိုင်ယာကုပ်ဟူသောနာမည်နှင့်လိုက်အောင်လှည့် စားခဲ့ပါပြီ။ သူသည်ကျွန်တော်၏သားဦးအရာ ကိုတစ်ကြိမ်၊ ယခုတစ်ဖန်ကျွန်တော်ခံစားရ မည့်ကောင်းချီးကိုတစ်ကြိမ်ယူသွားပါပြီ။ ကျွန်တော်အဖို့ကောင်းချီးတစ်ပါးပါးမကျန် ပါသလော'' ဟုဖခင်အားမေးလေ၏။
37. ဣဇာက်က``ငါသည်သူ့အားသင်၏အရှင်သခင် ဖြစ်စေပြီ။ ဆွေမျိုးသားချင်းအပေါင်းတို့ကို လည်းသူ၏အစေကိုခံစေပြီ။ သူ့အားကောက်ပဲ သီးနှံနှင့်စပျစ်ရည်တို့ဖြင့်ကြွယ်ဝပြည့်စုံစေ ပြီ။ သို့ဖြစ်လျှင်ငါ့သားသင့်အတွက်မည်သို့ ဆောင်ရွက်ပေးနိုင်ပါသနည်း'' ဟုပြန်ဖြေလေ ၏။
38. ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။
39. ထိုအခါဣဇာက်က၊``သင့်လယ်များသည်မြေသြဇာမရှိ၊မိုး ကောင်းကင်မှ နှင်းကိုလည်းမရနိုင်။
40. သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
41. ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
42. ရေဗက္ကသည်ဧသော၏အကြံကိုကြားသိရ သဖြင့် ယာကုပ်ကိုခေါ်၍``သင့်အစ်ကိုဧသော သည်သင့်အားလက်စားချေသတ်ပစ်ရန်အကြံ ထုတ်လျက်ရှိသည်။-
43. ငါ့သား၊ ငါပြောသည့်အတိုင်းပြုလုပ်လော့။ ခါရန် မြို့၌နေထိုင်သောငါ၏အစ်ကိုလာဗန်ထံသို့ ယခုချက်ချင်းသွားရန်ပြင်လော့။-
44. သင်၏အစ်ကိုစိတ်ပြေ၍သင်သူ့အားပြုမိ သမျှကိုမေ့ပျောက်သည့်အချိန်အထိသူ့ထံ ၌ခေတ္တတည်းခိုနေထိုင်လော့။-
45. ထိုအချိန်ရောက်လျှင်ငါသည်သင့်ထံသို့လူ စေလွှတ်၍ပြန်လည်ခေါ်ဆောင်မည်။ ငါသည် တစ်နေ့ချင်းတွင်သားနှစ်ယောက်စလုံးကို အဆုံးမခံနိုင်'' ဟုဆိုလေ၏။