8. ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
9. တစ်နေ့သ၌အီဂျစ်အမျိုးသမီးဟာဂရ နှင့်ရသော အာဗြဟံ၏သားဣရှမေလသည် စာရာ၏သားဣဇာက်နှင့်အတူကစားလျက် ရှိသည်။-
10. ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
11. ဣရှမေလသည်မိမိ၏သားဖြစ်သောကြောင့် အာဗြဟံသည်ထိုစကားကိုကြားရလျှင် စိတ်မချမ်းမသာဖြစ်လေ၏။-
12. သို့ရာတွင်ဘုရားသခင်က``ထိုသူငယ်နှင့် သင်၏ကျွန်မဟာဂရအတွက်စိတ်မချမ်း မသာမဖြစ်နှင့်။ ငါကတိထားသည့်အတိုင်း ဣဇာက်မှသင်၏အမျိုးအနွယ်ဆင်းသက်မည် ဖြစ်သောကြောင့် စာရာပြောသမျှအတိုင်း ဆောင်ရွက်လော့။-
13. ကျွန်မ၏သားသည်လည်းသင်၏သားဖြစ်သော ကြောင့်သူ၏အဆက်အနွယ်ကိုလည်းလူမျိုး ကြီးဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
14. နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။-
15. ရေဘူးတွင်ရေကုန်သောအခါသူသည် ကလေးကိုချုံအောက်၌ထားခဲ့ပြီးလျှင်၊-
16. ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
17. ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။-
18. ထလော့၊ သွား၍သူငယ်ကိုပိုက်ချီလော့။ ငါသည် သူ၏အဆက်အနွယ်ကိုလူမျိုးကြီးဖြစ်စေ မည်'' ဟုဆိုလေ၏။-
19. ထိုနောက်ဘုရားသခင်သည်ဟာဂရ၏မျက်စိ ကိုဖွင့်တော်မူသဖြင့်သူသည်ရေတွင်းကိုမြင်ရ လေ၏။ သူသည်သားရေဘူးတွင်ရေတွင်းမှရေ နှင့်ဖြည့်၍သားငယ်ကိုရေတိုက်လေသည်။-
20. ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။-
21. သူသည်ပါရန်တောကန္တာရတွင်နေ-ထိုင်လျက် သူ့မိခင်သည်သူ့အားအီဂျစ်အမျိုးသမီး တစ်ဦးနှင့်စုံဖက်ပေးလေ၏။
22. ထိုအချိန်အခါအဘိမလက်သည်သူ၏စစ်ဗိုလ် ချုပ်ဖိကောလနှင့်အတူအာဗြဟံထံသို့သွား ၍``သင်ဆောင်ရွက်သမျှတို့၌ဘုရားသခင်ပါ ရှိတော်မူ၏။-
23. သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။