4. ဧည့်သည်များအိပ်ရာမဝင်မီယောကျာ်းအကြီးအငယ်အပါအဝင် သောဒုံမြို့သားအပေါင်းတို့သည်လောတ၏အိမ်ကိုဝိုင်းထားကြ၏။-
5. သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
6. လောတကအိမ်အပြင်သို့ထွက်၍ တံခါးကိုပိတ်လျက်၊-
7. အဆွေတို့၊ ဤကဲ့သို့ယုတ်မာသောအမှုကိုမပြုရန် တောင်းပန်ပါ၏။-
8. ကျွန်ုပ်၌အပျိုစင်သမီးနှစ်ယောက်ရှိပါ၏။ ထိုသမီးတို့ကိုသင်တို့ပြုလိုသမျှအတိုင်းပြုနိုင်ရန် ထုတ်ပေးပါမည်။ ဤသူတို့ကိုကားချမ်းသာပေးကြပါ။ သူတို့သည်အကျွန်ုပ်၏ဧည့်သည်ဖြစ်၍ သူတို့အားစောင့်ရှောက်ရန်အကျွန်ုပ်မှာတာဝန်ရှိပါသည်'' ဟုတောင်းပန်လေ၏။
9. သို့ရာတွင်သူတို့က``သင်သည်တစ်ရပ်တစ်ကျေးမှလာ၍ ငါတို့ကိုသြဇာမပေးနှင့်။ ဖယ်ပေး၊ မဖယ်ပေးလျှင်သူတို့ခံရသည်ထက်သင်ပို၍ခံရမည်'' ဟုဆိုလေသည်။ သူတို့သည်လောတကိုနောက်သို့ဖိတွန်းလျက် အိမ်တံခါးကိုချိုးဖျက်ရန်ရှေ့သို့တက်လာကြသည်။-
10. သို့ရာတွင်ဧည့်သည်နှစ်ဦးကတံခါးကိုဖွင့်လျက် လောတကိုအိမ်ထဲသို့ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။-
11. ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
12. ဧည့်သည်နှစ်ဦးတို့က``ငါတို့သည်ဤအရပ်ကိုဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် မြို့ထဲတွင်သင်နှင့်ဆိုင်သောသင်၏သားသမီး၊ သမက်နှင့်အခြားဆွေမျိုးသားချင်းများရှိကြလျှင်ထွက်ခွာသွားကြစေ။-
13. သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။
14. ထိုအခါလောတသည် မိမိ၏သမက်လောင်းများထံသို့သွား၍``ဤအရပ်မှအမြန်ထွက်ကြလော့။ ထာဝရဘုရားသည်ဤမြို့ကိုဖျက်ဆီးတော်မူမည်'' ဟုတိုက်တွန်းလေ၏။ သို့ရာတွင်သမက်လောင်းတို့သည် လောတကျီစားပြောနေသည်ဟုထင်မှတ်ကြလေသည်။