1. ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊-
2. အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။
3. ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
4. ဧည့်သည်များအိပ်ရာမဝင်မီယောကျာ်းအကြီးအငယ်အပါအဝင် သောဒုံမြို့သားအပေါင်းတို့သည်လောတ၏အိမ်ကိုဝိုင်းထားကြ၏။-
5. သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
6. လောတကအိမ်အပြင်သို့ထွက်၍ တံခါးကိုပိတ်လျက်၊-
7. အဆွေတို့၊ ဤကဲ့သို့ယုတ်မာသောအမှုကိုမပြုရန် တောင်းပန်ပါ၏။-
8. ကျွန်ုပ်၌အပျိုစင်သမီးနှစ်ယောက်ရှိပါ၏။ ထိုသမီးတို့ကိုသင်တို့ပြုလိုသမျှအတိုင်းပြုနိုင်ရန် ထုတ်ပေးပါမည်။ ဤသူတို့ကိုကားချမ်းသာပေးကြပါ။ သူတို့သည်အကျွန်ုပ်၏ဧည့်သည်ဖြစ်၍ သူတို့အားစောင့်ရှောက်ရန်အကျွန်ုပ်မှာတာဝန်ရှိပါသည်'' ဟုတောင်းပန်လေ၏။
9. သို့ရာတွင်သူတို့က``သင်သည်တစ်ရပ်တစ်ကျေးမှလာ၍ ငါတို့ကိုသြဇာမပေးနှင့်။ ဖယ်ပေး၊ မဖယ်ပေးလျှင်သူတို့ခံရသည်ထက်သင်ပို၍ခံရမည်'' ဟုဆိုလေသည်။ သူတို့သည်လောတကိုနောက်သို့ဖိတွန်းလျက် အိမ်တံခါးကိုချိုးဖျက်ရန်ရှေ့သို့တက်လာကြသည်။-
10. သို့ရာတွင်ဧည့်သည်နှစ်ဦးကတံခါးကိုဖွင့်လျက် လောတကိုအိမ်ထဲသို့ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။-
11. ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။