ကမ္ဘာ​ဦး 13:8-18 Common Language Bible (BCL)

8. ထို​အ​ခါ​အာ​ဗြံ​က​လော​တ​အား``ငါ​တို့​သည်​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​၍ သင့်​လူ​စု​နှင့်​ငါ့​လူ​စု​တို့​သည်​ခိုက်​ရန်​ဖြစ်​ပွား​နေ​ရန်​မ​သင့်​ချေ။-

9. ထို့​ကြောင့်​သင်​နှင့်​ငါ​ခွဲ​ခွာ​ကြ​ပါ​စို့။ သင့်​ရှေ့​မှောက်​တွင်​မြေ​တစ်​ပြင်​လုံး​ရှိ​၏။ သင်​ကြိုက်​နှစ်​သက်​ရာ​ကို​ရွေး​ယူ​လော့။ သင်​က​တစ်​ဘက်​သို့​သွား​လျှင်​ငါ​က​တ​ခြား​တစ်​ဘက်​သို့​သွား​မည်'' ဟု​ပြော​လေ​၏။

10. ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)

11. ထို့​ကြောင့်​လော​တ​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​ရွေး​ယူ​၍ အ​ရှေ့​ဘက်​သို့​ပြောင်း​ရွှေ့​ခဲ့​လေ​သည်။ ဤ​သို့​အား​ဖြင့်​သူ​တို့​နှစ်​ဦး​ခွဲ​ခွာ​ခဲ့​ကြ​သည်။-

12. အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​နေ​ထိုင်​သည်။ လော​တ​မူ​ကား​မြစ်​ဝှမ်း​ရှိ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​တွင် နေ​ထိုင်​ရန်​ရွေး​ချယ်​လျက်​သော​ဒုံ​မြို့​အ​နီး​တွင်​တဲ​စ​ခန်း​ချ​လေ​၏။-

13. သော​ဒုံ​မြို့​သား​တို့​သည်​ဆိုး​သွမ်း​၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​အ​ပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏။

14. လော​တ​နှင့်​အာ​ဗြံ​တို့​ခွဲ​ခွာ​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​ရှိ​ရာ​မှ​အ​ရပ်​လေး​မျက်​နှာ​သို့​ကြည့်​ရှု​လော့။-

15. သင်​မြင်​သ​မျှ​မြေ​ကို​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​စား​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​စေ​မည်။-

16. မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-

17. သင်​သည်​ယ​ခု​ထ​၍​မြေ​တစ်​ပြင်​လုံး​ကို​လှည့်​ပတ်​ကြည့်​ရှု​လော့။ သင်​မြင်​ရ​သ​မျှ​သော​မြေ​ကို​သင့်​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-

18. ထို့​ကြောင့်​အာ​ဗြံ​သည်​မိ​မိ​၏​စ​ခန်း​မှ ဟေ​ဗြုန်​မြို့​ရှိ​မံ​ရေ​သ​ပိတ်​တော​သစ်​ပင်​များ​အ​နီး​သို့​ပြောင်း​ရွှေ့​နေ​ထိုင်​ပြီး​လျှင် ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။

ကမ္ဘာ​ဦး 13